သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက်ရေးဆွဲ တင်ပြခြင်း အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၈

သဘာဝထိန်းသိမ်းရေးနယ်မြေများ အတွင်း နေရင်းဒေသ ပြန်လည် တည်ထောင်ခြင်း လုပ်ငန်းစီမံချက် ရေးဆွဲတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် သစ်တော ဦးစီးရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ သဘာဝအမွေအနှစ်များဖြစ်သည့် ဂေဟစနစ်နှင့် ယင်းတို့မှာ ကျက်စား ပေါက်ရောက်သည့် ဇီဝမျိုးစုံမျိုးကွဲ များကို ထိရောက်သည့် စီမံအုပ်ချုပ် မှုများ ပြုလုပ်နိုင်ရန် သဘာဝထိန်း သိမ်းရေးနယ်မြေ ၁၉ ခုမှာ ရေးဆွဲ နေသည့် နေရင်းဒေသ ပြန်လည် တည်ထောင်ခြင်း လုပ်ငန်းစီမံချက် များကို တင်ပြဆွေးနွေး သုံးသပ် အကြံပြုသည့် အစည်းအဝေး ဖြစ်ပါ ကြောင်း။

သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်းပြီး စီမံအုပ်ချုပ်ရာ တွင် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်းရေးအပြင် အနီး ပတ်ဝန်းကျင်တွင်ရှိသည့် ဒေသခံ ပြည်သူများကို အထောက်အကူပြုရန် ရည်ရွယ်ခဲ့ပါကြောင်း။

ယနေ့ကာလ၌ သဘာဝထိန်းသိမ်း ရေးနယ်မြေများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးပါကြောင်း၊ ရာသီ ဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် လျော့နည်းသက်သာရေး၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် လိုအပ်သည့် ရေအရင်း အမြစ်များ ရေရှည်တည်တံ့ရေး၊ နိုင်ငံနှင့် ဒေသစီးပွားရေးနှင့် အလုပ် အကိုင်ဖွံ့ဖြိုးရေးအတွက် သဘာဝ အခြေခံခရီးသွား လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးရန်၊ ဥယျာဉ်၊ ဘေးမဲ့ တောများရှိသော ဘာသာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ တည်တံ့ရန်၊ ဂေဟစနစ်များ တည်ငြိမ်ရန်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများ စဉ်ဆက် မပြတ်ရရှိရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ''မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan) ၂ဝ၁၈-၂ဝ၃ဝ''ကို ရေးဆွဲအကောင် အထည်ဖော်လျက် ရှိပါကြောင်း။

ထို့အပြင် ဥယျာဉ်/ဘေးမဲ့တော များ၏ နေရင်းဒေသပြန်လည် တည်ထောင်ခြင်း လုပ်ငန်းစီမံချက် များသည် နိုင်ငံ၏ သဘာဝအမွေ အနှစ်များဖြစ်သည့် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ရေရှည်တည်တံ့ရေး အပြင် နိုင်ငံသားများအတွက် လူမှုစီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ပါး သက်သာစေရေး၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု လျော့နည်းရေးနှင့် နိုင်ငံတကာကို ထားရှိရသည့် ကတိကဝတ်များကိုပါ ဖြည့်ဆည်းရန် အထောက်အကူပြု မည်ဖြစ်သည့်အတွက် အလေးထား ရေးဆွဲ အကောင်အထည်ဖော်ရန်မှာကြားသည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ သတင်းစဉ်