ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၄

ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံအတွင်းတွင် ဆင်နှင့် ကျားကဲ့သို့ ရှားပါးတိရစ္ဆာန်များအပါအဝင် တောရိုင်း တိရစ္ဆာန်များကို တရားမဝင် အမဲလိုက်သတ် ဖြတ်မှုများ၊ တရားမဝင် ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ကျူးလွန် နေခြင်းသည် တစ်နှစ် ထက်တစ်နှစ် ပိုမိုများပြား လုပ်ဆောင်လာသည်ကို တွေ့ရှိနေရပါကြောင်း။

ယခုကဲ့သို့ ဖြစ်ပွားလာရခြင်းများသည် တစ်ဖက်နိုင်ငံများတွင်ရှိသည့် တရားမဝင် တောရိုင်းတိရစ္ဆာန်နှင့် ယင်းတို့ ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေသည့် ဈေးကွက်များ တည်ရှိနေခြင်း၊ ပြည်တွင်းမှပါ တရားမဝင် ရောင်းဝယ်နေသည့် ဈေးကွက် များကျယ်ပြန့်လာခြင်းနှင့် အခြားသော အကြောင်းအရင်းခံ အချက်များကြောင့် ဖြစ်ပွား လာရခြင်းကို သုံးသပ်တွေ့ရှိရပါကြောင်း။

ကမ္ဘာနှင့်အဝှမ်း တောရိုင်းတိရစ္ဆာန်နှင့် ယင်းတို့၏ အစိတ်အပိုင်းများကို တရားမဝင် ကူးသန်း ရောင်းဝယ်မှုများ၏ တန်ဖိုးသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ခန့်ရှိနေကြောင်း သတင်းများအရ သိရှိရပါကြောင်း၊ လက်နက်ကုန်ကူးမှု၊ လူကုန်ကူူးမှုနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုများပြီးလျှင် အများဆုံး ကျူးလွန်မှုပြုလုပ် နေခြင်းဖြစ် ကြောင်းနှင့် စနစ်တကျ အစီအစဉ်ချပြီး ဂိုဏ်းဖွဲ့ ကျူးလွန်မှုများအဖြစ် ကွန်ရက်များ ဖြန့်ကျက် လုပ်ဆောင်နေသည်ကိုလည်း သိရှိရပါကြောင်း။

ယခုအခမ်းအနားတွင် မီးရှို့ဖျက်စီးမည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများသည် နှစ်စဉ် ဖမ်းဆီးရမိခဲ့သည့် တရားမဝင် အမဲလိုက်ခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းများမှ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများ ဖြစ်ပြီး သစ်တောဦးစီးဌာနမှ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ စုစည်း ထိန်းသိမ်း ထားရှိသည့်အထဲမှ ပထမအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခြင်းဖြစ်ပါကြောင်း။

ယခုကဲ့သို့ တရားမဝင် ဖမ်းဆီးရမိ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို စနစ် တကျ မှတ်တမ်းတင် ထိန်းသိမ်းထားရှိခဲ့ပြီး ဆင်စွယ်၊ ဆင်အစိတ်အပိုင်း၊ တိရစ္ဆာန် ဦးချိုများ၊ အရေခွံများ၊ အရိုးအစိတ်အပိုင်းများထဲမှ အချို့ကို ဇီဝမျိုးစုံ၊ မျိုးကွဲ ထိန်းသိမ်း ရေးလုပ်ငန်းများ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်၊ ပန်းမန်များတရားမဝင် ကူးသန်းရောင်း ဝယ်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာ၊ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး မကြာမီ ဖွင့်လှစ်တော့မည့် ဆင်ပြတိုက်တွင်လည်း ထားရှိပြသနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။

ထို့ပြင် မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ပြီး ပြည်သူလူထုကို တောဆင်ရိုင်း၊ ကျား၊ ဝက်ဝံနှင့် ရှားပါး တိရစ္ဆာန်များ တရားမဝင် အမဲလိုက် သတ်ဖြတ် ခံနေရမှုများ၊ အသားဟင်းလျာ အဖြစ် စားသောက် ဆိုင်များတွင် ရောင်းချနေမှုများနှင့် တရားမဝင် ကူးသန်းရောင်း ဝယ်နေမှုများအား လုပ်ကိုင် ဆောင်ရွက်ခြင်း၊ အားပေးခြင်း မရှိစေရေး နှင့် ဝိုင်းဝန်းကူညီ တားဆီးနိုင်ရေးအတွက် အသိပညာပေးရန် ရည်ရွယ်ကာ ပြုလုပ်ခြင်း ပင်ဖြစ်ပါကြောင်း။

ဖမ်းဆီးရမိသည့် တောရိုင်းတိရစ္ဆာန် အသေကောင်များ၊ အစိတ်အပိုင်းများနှင့် သစ်ခွ ခြောက်များတို့ကို အဖွဲ့ဖြင့် စနစ်တကျ မီးရှို့ဖျက်ဆီးပြီး မှတ်တမ်းတင်ထားရှိ ခြင်းကို နယ်မြေဒေသအလိုက် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်း ရှိခဲ့ပါကြောင်း။ သို့သော် လည်း ယခုကဲ့သို့ အရေအတွက် အမြောက်အမြားကိုစုပြီး အခမ်းအနားဖြင့် အသိပေး ကြေညာကာ မီးရှို့ဖျက်ဆီးသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအတွင်းတွင် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များကို တရားမဝင် ကူးသန်းရောင်းဝယ်မှုများအား ဥပဒေအရ ထိရောက်စွာ တားဆီးနှိမ်နှင်းရေး လုပ်ငန်း များကို ကြီးကြပ်ဆောင်ရွက်ရန်လည်း ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့် ကြော်ငြာစာ နှင့် ၂၀၁၆ ခုနှစ်က လုပ်ငန်းအဖွဲ့ကို ဥပဒေစိုးမိုးရေးဆိုင်ရာ ဆက်စပ် ဌာနဆိုင်ရာများ နှင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ အစိုးရဌာနများ နိုင်ငံတကာ အဖွဲ့အစည်းများ ပြည်တွင်းမှ အရပ်ဖက်လူမှုအဖွဲ့ အစည်းများနှင့်အတူ ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေးအတွက် အသိပညာ ပေးရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်းတို့ကို ဝန်ကြီးဌာန၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်းကိုလည်း ဖြည့်စွက်ပြောကြား လိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များကို တရားမဝင် အမဲလိုက်သတ်ဖြတ်ခြင်း၊ စုဆောင်းခြင်း၊ ကူးသန်း ရောင်း ဝယ်နေခြင်းများအား လျော့နည်း ပပျောက်စေရေး၊ ဥပဒေအရ ထိရောက်စွာ တားဆီးနှိမ်နှင်း ရေးတို့ကို အစဉ်တစိုက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေမှုများကို အများပြည်သူများ ပိုမိုသိရှိလာစေရန်၊ နိုင်ငံတကာသို့လည်း အသိပေး တင်ပြနိုင်ရန်နှင့် ဆက်စပ်ဌာနများ၊ နိုင်ငံ တကာအစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးတက်လုပ်ဆောင် လာစေရန်တို့အတွက် ရည်ရွယ် ပြီး ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ် အပိုင်းနှင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများ သည် မီးရှို့မည့် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်း၌ တောရိုင်း တိရစ္ဆာန်များကို တရားမဝင် အမဲလိုက် သတ်ဖြတ်ခြင်းနှင့် တိရစ္ဆာန်များ၏ အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်မှု အရေးယူတားဆီး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့သည့် ခန့်မှန်းကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းတန်ဖိုးရှိ ဆင်စွယ် ၂၇၇ ချောင်း၊ ဆင်အရိုးနှင့် တိရစ္ဆာန် အရိုးမျိုးစုံ ၂၂၇ ချောင်း၊ တိရစ္ဆာန် သားရေမျိုးစုံ ၄၅ ချပ်၊ တိရစ္ဆာန် ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ်အကြေးခွံ ၄၅ ဒသမ ၅ ကီလိုဂရမ်နှင့် အခြားတောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းမျိုးစုံ ၁၂၈ ခုတို့အား မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအား မီးရှို့ ဖျက်ဆီးသည်။ (သတင်းစဉ်)