(၁၄)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အဖွဲ့ဝင် နိုင်ငံများ၏ ကော်မတီအစည်းအဝေး (COM14) ကျင်းပခြင်း

နေပြည်တော်၊ အောက်တိုဘာ ၄

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့တွင် (၁၄)ကြိမ်မြောက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး(COM14)နှင့် အောက်တိုဘာလ(၅)ရက်နေ့တွင် (၁၄)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံ များ၏ ဝန်ကြီးအဆင့်အစည်းအဝေး (COP14)တို့ကို နေပြည်တော်၊ Horizon Lake View Resort ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် ASEAN Specialized Meteorological Center (ASMC) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးကို (၂)ရက်ကျင်းပပြုလုပ်ခဲ့ရာ ပထမနေ့တွင် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး (COM14) တွင် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ဒေသတွင်း နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သဘောတူညီချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ၊ ဒေသတွင်း မီးခိုးမြူငွေ့ ကင်းရှင်းရေး ၂၀၂၀ ရည်မှန်းချက်ဆိုင်ရာ လမ်းပြမြေပုံ၊ ရန်ပုံငွေထည့်ဝင်မှု အခြေအနေ၊ အာဆီယံမီးခိုးမြူငွေ့ဆိုင်ရာ ညှိနှိုင်းရေးဌာန တည်ထောင်ရေး ဆိုင်ရာပြင်ဆင်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြပါသည်။

ဆက်လက်၍ အစည်းအဝေးဒုတိယနေ့တွင် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးအဆင့်အစည်းအဝေး (COP14)၌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ အဖွင့်အမှာ စကား ပြောကြားရာတွင် ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံများ၌ သဘာဝသယံဇာတများ ယိုယွင်းပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ဂေဟစနစ်များ ပျက်ယွင်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ယိုယွင်းပျက်စီးခြင်း၊ ရေအရင်းအမြစ် များရှားပါးလာခြင်း၊ ရေထု၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်းစသည့် ပြဿနာများကို ရင်ဆိုင်ကြုံတွေ့ရ လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများကို ကမ္ဘာ့နေရာတိုင်းတွင် ခံစားနေရကြောင်း၊ အားလုံးသိရှိထားသည့်အတိုင်း ကျွန်ုပ်တို့၏ အာဆီယံနိုင်ငံများသည် အရှေ့တောင်အာရှ၏ အဓိကအချက်အချာကျသော နေရာ၌တည်ရှိပြီး သဘာဝ သယံဇာတများပေါများ၍ ဂေဟစနစ်မျှတသော ဒေသတစ်ခုဖြစ်ပါကြောင်း၊ သို့ရာတွင် ယင်းသယံဇာတများမှာ ယိုယွင်းပျက်စီးလာပြီဖြစ်ပါသဖြင့် ကာကွယ်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း၊ အထူးသဖြင့် ဒေသတွင်း ဖြတ်ကျော် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများဖြစ်သည့် မီးလောင်မှုနှင့် မီးခိုးမြူငွေ့များ၊ တရားမဝင်သစ်ထုတ် လုပ်မှုများနှင့် တောရိုင်းတိရိစ္ဆာန် ကုန်သွယ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ယင်းဒေသတွင်း အန္တရာယ်ရှိသော သက်ရောက်မှုများကို နားလည် သဘောပေါက်ခြင်းဖြင့် ၁၉၉၅ ခုနှစ်တွင် ASEAN Haze Technical Task Force ကိုလည်းကောင်း၊ ၂၀၀၈ ခုနှစ် တွင် Technical Working Group ကိုလည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် Sub-regional Ministerial Steering Committee ကိုလည်းကောင်း ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဒေသတွင်း မီးခိုးမြူငွေ့ဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ၂၀၀၂ ခုနှစ်တွင် အာဆီယံနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ သဘော တူညီချက် (ASEAN Agreement on Transboundary Haze Pollution- AATHP) တို့ကို စတင်ဆောင်ရွက် ခဲ့ကြောင်း၊ မိမိအနေဖြင့် ၂၀၀၃ ခုနှစ်တွင် အသက်ဝင်အတည်ပြုခဲ့သည့် AATHP တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရသည်ကို ကျေနပ်ဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် မိမိတို့အာဆီယံဒေသသည် ကမ္ဘာ့ပေါ်ရှိ သစ်ဆွေးမြေ၏ ၆၀% ကိုပိုင်ဆိုင်သည့် ဒေသဖြစ်ပြီး သစ်ဆွေးမြေများ မီးလောင်ခြင်းကလည်း မီးခိုးမြူငွေ့ ညစ်ညမ်းမှုကို ဖြစ်ပေါ် စေသည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ASEAN Peatland Management Strategy- APMS (2014-2020) ကို ရေးဆွဲ၍ သစ်ဆွေးမြေများကို ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံသည် သစ်တောအရင်း အမြစ်များ ကြွယ်ဝသဖြင့် စီးပွားရေးနှင့် အဖွဲ့အစည်းဖွံဖြိုးတိုးတက်မှုသာမက ဘဲ ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုအကျိုးကျေးဇူးများကို ရရှိကြောင်း၊ မြန်မာနိုင်ငံ၌ မီးလောင်ကျွမ်းမှုများ၏ ၉၅% မှာ လူသားတို့၏ အပြုအမူများကြောင့် ဖြစ်ပြီး အဓိကဖြစ်ပွားမှု များအနေဖြင့် စွန့်ပစ်အမှိုက်များကို မီးရှို့ခြင်း၊ ရွေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းများ၊ အမဲလိုက်ခြင်းနှင့် ပျားဖွတ်ခြင်းကြောင့် မီးရှို့ခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် တောမီးလောင်ကျွမ်းခြင်းကြောင့် လည်း ညစ်ညမ်းမှုကိုဖြစ်စေပြီး လူသားတို့၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကို ဖြစ်စေကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါကိစ္စရပ်များကို ဖြစ်ပွားမှုမဖြစ်စေရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေများ ကြောင့် မိမိတို့အာဆီယံနိုင်ငံများအနေဖြင့် အဆိုပါမီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာများကို ပူးပေါင်းဖြေရှင်းနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပြီး AATHP ကို အကျိုးရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟုလည်း မိမိယုံကြည်ပါကြောင်း၊ ထိုသို့ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်မှုအတွက် လည်း အဖွဲ့ဝင်နိုင်ငံများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးများမှ အာဆီယံနိုင်ငံအသီးသီးမှ ဆောင်ရွက်လျက်ရှိသည့် မီးလောင် ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ဆိုင်ရာ အခြေအနေများ၊ အာဆီယံနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သဘောတူညီချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး အတွက် အကောင်အထည်ဖော်မှုများအား ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု လမ်းပြမြေပုံ (Roadmap on ASEAN Cooperation) အဖြစ် ဆောင်ရွက်နိုင်မှု၊ အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ထိန်းချုပ်မှုဆိုင်ရာ ရန်ပုံငွေ၊ မီးခိုးမြူငွေ့ထိန်းချုပ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုဗဟိုဌာန (ASEAN Coordinating Centre) တည်ထောင်မှုအတွက် တိုးတက်မှုအခြေ အနေများ၊ (၃)ကြိမ်မြောက် သစ်ဆွေးမြေဆိုင်ရာ အာဆီယံအစည်း အဝေး မှတ်တမ်းတင်မှု၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်များ၊ ဒေသတွင်း ၂၀၁၅ ခုနှစ် မီးခိုးမြူငွေ့သက်ရောက်မှုကြောင့် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ အခြေအနေများကို မှတ်တမ်းတင်နိုင်မှု၊ ကော်မတီ၏ Office Bearers အဖြစ် ဆောင်ရွက်မည့်နိုင်ငံအား အဆိုပြုမှု စသည့်အချက်များကို ဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြုနိုင်ခဲ့ပါသည်။

ယခုကျင်းပသည့် အစည်းအဝေးမှ အာဆီယံနယ်စပ် ဖြတ်ကျော်မီးခိုး မြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် ကောင်းမွန်ပြည့်စုံသည့် ဆွေးနွေး ဆုံးဖြတ်ချက်များ ရရှိမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ မိမိတို့၏ မျှော်မှန်း ချက်ဖြစ်သည့် သန့်ရှင်းသော အစိမ်းရောင်ဒေသ “Clean and Green ASEAN” ဖြစ်ပေါ်စေရေးအတွက် အားလုံးပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊ အစည်းအဝေးသို့တက်ရောက်လာကြသော အာဆီယံ နိုင်ငံအသီးသီးမှ ဧည့်သည်တော်များအားလုံးအနေဖြင့် သာယာလှပသော နေပြည်တော်၌ ပျော်ရွှင်ချမ်းမြေ့ကြပါစေရန် ဆန္ဒပြုကြောင်း ပြောကြားခဲ့ ပါသည်။

အဆိုပါ (၂)ရက်ကြာ ကျင်းပပြုလုပ်သည့် (၁၄)ကြိမ်မြောက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ကော်မတီအဆင့်နှင့် ဝန်ကြီး အဆင့်အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီးမှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် ASMC မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းဆက်စပ် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအား ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ အစည်းအဝေး ပထမနေ့ညတွင် ညစာဖြင့် တည့်ခင်းဧည့်ခံခဲ့ပါကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)