ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း သစ်တောမြေအသုံးပြုမှုလုပ်ပိုင်ခွင့်မြှင့်တင်ရေးဆိုင်ရာတတိယအကြိမ် အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲနှင့် သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ သစ်တောပြုစုထိန်းသိမ်း ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၃

သစ်တောမြေ အသုံးပြုမှုလုပ်ပိုင်ခွင်မြှင့်တင်ရေးဆိုင်ရာ တတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက Grand Amara Hotel နေပြည်တော်တွင်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် မြေပြင်၌လက်တွေ့ ကျင့်သုံးလျက်ရှိသည့် ဒေသခံပြည်သူများ၏ ဓလေ့ထုံးတမ်းအစဉ်အလာ၊ လုပ်ပိုင်ခွင့်များနှင့် သဘာဝသယံဇာတများအပေါ်ထားရှိသည့် အမြင်တို့ကို ပိုမိုသိရှိ နားလည်လာစေရန်၊ ဒေသခံပြည်သူများမှ ဦးဆောင်၍ သဘာဝသစ်တောများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝသယံဇာတများအပေါ် စီမံခန့်ခွဲ အုပ်ချုပ်နေမှုများကို ပိုမိုသိရှိနားလည်လာစေရန်၊ သစ်တောစီမံအုပ်ချုပ်မှုနှင့် ပတ်သက်သည့် အခြေခံမူများ၊ တန်ဖိုးများနှင့် ရည်မှန်းချက်များအပေါ် ဒေသခံဌာနေတိုင်းရင်းသားများ၊ အစိုးရဌာနများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် အမြင်ခြင်းဖလှယ်ပြီးမူဝါဒ၊ လက်တွေ့ကျင့်သုံးနေမှုများနှင့် ဆက်နွယ်မှုများကို ဆွေးနွေးအဖြေရှာရန်၊ ဒေသခံပြည်သူတို့၏ သစ်တောမြေနှင့် သဘာဝသယံဇာတအရင်းအမြစ်များ အသုံးချခွင့်ဆိုင်ရာ လုပ်ပိုင်ခွင့်များကို အသိအမှတ်ပြုမှုရရှိရေးနှင့် လုပ်ပိုင်ခွင့်များပိုမိုတိုးတက် ရရှိရေးဆောင်ရွက်နိုင်ရန်တို့အတွက် ရှေ့ပြေးစီမံကိန်းများမှ ရရှိသည့်ရလာဒ်များကို ကျွမ်းကျင်သူ ပညာရှင်များကတင်ပြသွားမည်ဖြစ်ပြီး တက်ရောက်လာသူများမှ ပွင့်လင်းမြင်သာစွာ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမ၊ ကျင်းပသည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုလည်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ယခုကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သက်ဆိုင်ရာ သစ်တောဦးစီးဌာန ခရိုင်များအလိုက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် နိုင်ငံပိုင်သစ်တောစိုက်ခင်း တည်ထောင်ရန်မြေနေရာ ရွေးချယ်ခြင်း၊ စီးပွားရေးစိုက်ခင်း အဟောင်းများပြန်လည်ပြုစုထိန်းသိမ်းခြင်း၊ ပင်ကျပ်နှုတ်ခြင်း၊ ကိုင်းချိုင်ခြင်းနှင့် ရှင်းလင်းခြင်း၊ သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်း၊ ဓမ္မတာမျိုးဆက်ခြင်း အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစသည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်သည့်အတွက် လုပ်ငန်းများအောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့်အခက်အခဲ၊ အတားအဆီးများကို ဖော်ထုတ်ပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးဆုံးဖြတ်နိုင်ကြမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်သစ်တောစိုက်ခင်းမြေနေရာ ရွေးချယ်ခြင်းနှင့် စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစု ထိန်းသိမ်းရန် ဧရိယာရွေးချယ်ခြင်းများနှင့် စီမံကိန်းပါ သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ SOP နှင့်အညီ လိုက်နာဆောင်ရွက်ပြီး နည်းပညာရှု့ထောင့်အရ သေသေချာချာ သုံးသပ်ရွေးချယ် ဆောင်ရွက်ကြရန်နှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေး သတိပြုဆောင်ရွက်ရန် လိုပါကြောင်း၊ ပင်ကျပ်နှုတ်ခြင်း၊ ကိုင်းချိုင်ရှင်းလင်းခြင်း လုပ်ငန်းများမှ ထွက်ရှိကျွန်းရွက်များကို အပင်ခြေတွင်စုပုံရန်နှင့် ချောသည့်ဘက်အခြမ်းကို အောက်ဖက်မှာထား၍ပုံရန်၊ လက်အောက် အဆင့်ဆင့်အား သိရှိလိုက်နာ ဆောင်ရွက်စေရေး ညွှန်ကြားပြသပေးရန် ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုထိန်းသိမ်းရေး လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။ (သတင်းစဉ်)