ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်း ရွက်အုပ်ဖြတ်လျှောက်တံတား (Canopy Walk Bridge) ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အများပြည်သူများ စိတ်ဝင်တစား လည်ပတ်ရန် နေရာတစ်ခုအနေဖြင့် လည်းကောင်း၊ သစ်တောသစ်ပင်များအား ချစ်ခင်မြတ်နိုးသူများ တိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် ၂၁.၁၁.၂၀၁၈ ရက်နေ့၊ ညနေ(၃:၀၀) နာရီအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း အကွက် အမှတ်(၇၈)တွင်းရှိ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်း ရွက်အုပ်ဖြတ် လျှောက်တံတား (Canopy Walk Bridge) ဖွင့်ပွဲ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်(သတ္တုရေးရာ) ဦးမင်းမင်းဦးနှင့် မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘ၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇော၊ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးနှင့် သစ်တောဦးစီးဌာန မှ ညွှန်ကြားရေးမှူးများနှင့် မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေမန်နေဂျာနှင့် ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးစိုးနိုင် မှ ရွက်အုပ်ဖြတ် လျှောက်တံတား (Canopy Walk Bridge) ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘ၊ FJV ဒုတိယဥက္ကဌ ဦးခင်မောင်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် အမှတ်တရဓါတ်ပုံရိုက်ကြပြီး ရွက်အုပ်ဖြတ်လျှောက်တံတား (Canopy Walk) ပေါ်သို့ လှည့်လည်ကြည့်ရှုကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

အဆိုပါ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းရှိ ရွက်အုပ်ဖြတ်လျှောက်တံတား (Canopy Walk) တံတားကို ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ၄.၁၀.၂၀၁၈ ရက်နေ့တွင် ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်၍ လုပ်ငန်းစတင်ခဲ့ပြီး၊ ၂၀.၁၁.၂၀၁၈ ရက်နေ့တွင် လုပ်ငန်းပြီးစီးခဲ့ပါသည်။ တံတားကို ကျွန်းတိုင် ၁၈၃ လုံး (၅၁.၇)တန်၊ သစ်မာခွဲသား (၆၀)တန်ဖြင့်လည်းကောင်း၊ တံတားအကျယ် (၆)ပေ၊ အရှည်(၃၂၇)ပေ၊ အမြင့်ဆုံး နေရာ(၄၃)ပေနှင့် တိုင်လုံး(၈၃)လုံးဖြစ်ကြောင်း သတင်းရရှိပါသည်။