ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား ရန်ကုန်မြို့အခြေစိုက် ပြင်သစ်သံအမတ်ကြီး H. E. Mr. Christian Lechervy နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၉-၁၂-၂၀၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့ရှိ ပြင်သစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Christian Lechervy၊ ပြင်သစ်နိုင်ငံအမျိုးသားလွှတ်တော် (အောက်လွှတ်တော်) မှ စီးပွားရေးရာ အမြဲတမ်းကော်မတီ၏အဖွဲ့ဝင်ဖြစ်သူ Mr. Christophe Naegelen၊ နိုင်ငံခြားရေးရာအမြဲတမ်းကော်မတီ၏ အဖွဲ့ဝင်ဖြစ်သူ Mr. Jean Francois Mbaye နှင့်အဖွဲ့အား ၁၉-၁၂-၂၀၁၈ရက်နေ့၊ (၁၁:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက် အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များ၊ စွန့်ပစ်ပစ္စည်း စနစ်တကျစီမံခန့်ခွဲရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ တရားမဝင်သစ် ကူးသန်းရောင်းဝယ်မှု ထိန်းချုပ်ရေး၊ သစ်တောပြန်လည်တည်ထောင်ရေးနှင့် ဒေသခံများပူးပေါင်းပါဝင်သည့် ပြည်သူ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအမွေအနှစ်များ တည်ရှိရာဒေသများတွင် ခရီးသွားလုပ်ငန်း တိုးတက်ဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ မျိုးစိတ်သစ်များရှာဖွေရေး၊ သန္တာကျောက်တန်း၊ အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ဟန်ချက်ညီရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။