စိုက်ခင်းများရှင်သန်အောင်မြင်စေရေးနှင့် သစ်ထုတ်လုပ်မှုစနစ်တကျဖြစ်စေရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ ၃၁

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် အပူပိုင်း​ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊  ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် တာဝန်ခံများလိုက်ပါလျှက် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနက ဆောင်ရွက်လျှက်ရှိသည့် ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းကိုကြည့်ရှုစစ် ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၈ ခုနှစ်၊ မိုးရာသီ၌ စိုက်ပျိုးခဲ့သည် စိုက်ပင်များ၏ ရှင်သန်အောင်မြင်မှု၊ ရွှေပုံတောင် အပြင်စည်း နယ်မြေ၊ ၀၂၃ ကုန်း၊ B2 ကုန်း၊ B3 ကုန်း၊ ပင်မနယ်မြေနှင့် အတွင်းစည်းနယ်မြေတို့၌ တောင်ကုန်းအလိုက် သစ်ပင်စိုက်ပျိုး ဆောင်ရွက်ထား ရှိမှု၊ ရှင်သန်အောင်မြင်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ စိုက်ပင်များရေရရှိရေး အတွက် ရေပိုက်များနှင့် ရေကန်များအား ပြန်လည် စစ်ဆေးပြုပြင်ဆောင်ရွက်ရန်၊ အပူပိုင်းဒေသနှင့် ကိုက်ညီသင့်လျော်သည့် သစ်မျိုးများကို စိပ်စိပ်စိုက်ပျိုးရန်၊ တောင်ကုန်းတောင်တန်း မတ်စောက်၍ သစ်ပင်စိုက်ပျိုးရန် ခက်ခဲသည့်နေရာ များတွင် ကန္တာစိမ်းစေ့များအား စူးထိုးစိုက်ပျိုးရန်၊ အပူချိန်၊ မိုးရေချိန် မှတ်တမ်းများ စနစ်တကျထားရှိ ဆောင်ရွက်ရန်၊ စိုက်ကွက်တစ်ခုချင်းအလိုက် သစ်ပင် စိုက်ပျိုးမှု၊ ကြီးထွားမှု၊ ရှင်သန်အောင်မြင်မှုတို့ကို မှတ်တမ်းထားရှိဆောင်ရွက်ရန်၊ ရေနံမြေဖြစ်သည့် အတွက် စိုက်ခင်းမီးတားလမ်း ဖောက်လုပ်ခြင်း၊ မီးကာကွယ်ခြင်းလုပ်ငန်းများကို အထူး အလေး ထားဆောင်ရွက်ရန်၊ အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများအား သစ်ပင်စိုက်ပျိုးမှု၏ အကျိုးရလဒ် များကိုပညာပေး ဆောင်ရွက်ခြင်းနှင့်  ဆက်စပ်အဖွဲ့အစည်းများအားလည်း သစ်ပင်စိုက်ပျိုး ဆောင်ရွက်မှုလုပ်ငန်း အစီအစဉ်၊ ဌာန၏ကြိုးပမ်းဆောင်ရွက်မှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှုကုန်ကျ စရိတ်၊ အောင်မြင်ဖြစ်ထွန်းမှုရလာဒ်နှင့် ရှေ့အလားအလာတို့ကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသ ပြောကြားရန်တို့ကို ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေပုံတောင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းပျိုးဥယျာဉ်နှင့် မြစ်ရေတင်ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးကာ ပျိုးအိတ်အရွယ်အစားအလိုက် ပျိုးပင်တစ်ပင်ချင်း၏ ကုန်ကျစရိတ်တွက်ချက်၍ မှတ်တမ်းထား ရှိရန်၊ ပျိုးဉယျာဉ်လုပ်ငန်း အချိန်ဇယားနှင့်အညီ ပျိုးထောင်မှုလုပ်ငန်းအဆင့်ဆင့်ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရန်၊ လုပ်ငန်းသုံးပစ္စည်းများ စနစ်တကျ မှတ်တမ်းထားရှိရန် တို့ကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်း​ဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပလ္လင်ကုန်းကျေးရွာအနီး၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) တို့ ပူးပေါင်းဆောင်ရွက် စိုက်ပျိုး တည်ထောင်ခဲ့သည့် စိုက်ခင်းရှင်သန်အောင်မြင်မှုအခြေအနေများကို စစ်ဆေးကြည့်ရှု၍ တည်ထောင် စိုက်ပျိုးပြီး စိုက်ခင်းများအား ဆက်လက်ပြုစုထိန်းသိမ်းစောင့်ရှောက်မည့် အစီအမံ၊ အပူချိန်၊ မိုးရေချိန်မှတ်တမ်းများ၊ စိုက်ခင်းပြုစုထိန်းသိမ်းစောင့်ရှောက်မှုမှတ်တမ်းများ၊ စိုက်ပင်ရှင်သန် ကြီးထွားမှုမှတ်တမ်းများကို စနစ်တကျထားရှိဆောင်ရွက်ရန်၊ စိုက်ခင်းမီးတားလမ်းဖောက်လုပ် ခြင်းနှင့် မီးကာကွယ်ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) သည် ၁၉၉၈-၉၉ ခုနှစ်၊ ၂၀၀၅-၀၆ခုနှစ်၊ ၂၀၁၀-၁၁ ခုနှစ်နှင့် ၂၀၁၅-၁၆ခုနှစ်များတွင် ညောင်ဦးဒေသအတွင်း သစ်တောစိုက်ခင်း ၂၀၇၈.၆၉ ဧကကို စိုက်ပျိုးတည်ထောင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်ဦးမြို့နယ်၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်ရောက်ရှိကာ ကမ္ဘာ့ရှားပါးစာရင်းဝင် အပူပိုင်းဒေသ၌သာ ပေါက်ပွားကျက်စားသည့် မြန်မာ့ကြယ်လိပ်များကို ခြံခတ်ထိန်းသိမ်းမွေးမြူကာ သုတေသနပြုဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှု စစ်ဆေးသည်။ လောကနန္ဒာဘေးမဲ့တောဥယျာဉ်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်လျက်ရှိသော သစ်မျိုးများဖြင့် တစ်နှစ်ပတ်လုံးစိမ်းလန်းစိုပြေလျှက်ရှိသည် အပူပိုင်းဒေသ၏ အိုအေစစ်တစ်ခု ဖြစ်ပြီး၊ အပူပိုင်းဒေသတွင် ကျက်စားသည့်သားငှက်တိရစ္ဆာန်များ ခိုလှုံရာနေရာတစ်ခုအဖြစ် စီမံ ဖန်းတီးထားသည့်အတွက် သုတေသနပြုလေ့လာစရာ နေရာကောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၊ ပလင်းကျေးရွာအနီး မြန်မာ့သစ်လုပ်ငန်းက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအားကြည့်ရှုစစ်ဆေး၍ ဆင်စခန်းရှင်းလင်းဆောင်တွင် ချင်းတွင်းဖောင်ဖွဲ့ရေးဒေသ၊ လက်ထောက်အထွေထွေမန်နေဂျာက ပလင်းကမ်းသာယာဆင်စခန်း၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအားလည်းကောင်း မြန်မာ့သစ်လုပ်ငန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ  ဒုတိယ အထွေထွေမန်နေဂျာများက ၂၀၁၈-၁၉ခုနှစ် သစ်ထုတ်လုပ်ခြင်းလုပ်ငန်း၏ လက်ရှိ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ သစ်ထုတ်ပြီးအကွက်များ၌ သဘာဝတောတန်ဖိုးမြှင်ပြန်လည်စိုက်ပျိုးဆောင်ရွက်မှု၊ ဒေသအလိုက် ဆင်ထိန်းသိမ်း စောင်ရွောက်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်မှုတို့ကိုလည်းကောင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လာမည့်သစ်ထုတ်ရာသီတွင် သစ်ထုတ်လုပ်ခြင်းကို စိုက်ခင်းနှင် လမ်းဘေးဝဲယာတို့မှ ဦးစားပေးထုတ်လုပ်၍ သဘာဝတောမှ ထုတ်လုပ်မှုကို လျော့ချဆောင်ရွက်ရန်၊ သဘာဝ တောတန်ဖိုးမြှင်စိုက်ပျိုးခြင်းဆောင်ရွက်ရာတွင် ကျွန်းငုတ်တက်စိုက်ပျိုးခြင်းကို ဦးစားပေးဆောင် ရွက်ရန်၊ လာမည့်မိုးရာသီ၌ သဘာဝတောတန်ဖိုးမြှင်စိုက်ခင်းများအား သက်တမ်းတူ ပျိုးပင်များဖြင့်သာ သေပင်ဖာထေးဆောင်ရွက်ရန်၊ ပလင်းကမ်းသာယာဆင်စခန်း မြစ်ကမ်းပါး၌ ၁၂ ပေ အကျယ် လျှောက်လမ်းအပါအဝင် လေညှင်းခံဆိပ်ခံတံတားတစ်ခု တည်ဆောက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်၊ ခက်လန်းကန် ကျေးရွာအနီး သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ ဂျက်ဖရိုအဖွဲ့ Japan International Forest Promotion and Cooperation Center  (JIFPRO) တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောစိုက်ခင်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်၊ ပြည်ထောင်စုဝန်ကြီးက ခြောက်သွေ့ရာသီ၌ စိုက်ပျိုးပင်များ ရှင်သန်အောင်မြင်စေ ရေးအတွက် ရေအစက်ချစနစ်ဆောင်ရွက်မည့်ဧရိယာ၊  ရေလောင်းမည့် ဧရိယာများကို အစီအမံများ စနစ်တကျ ရေးဆွဲဆောင်ရွက်ရန်၊ စိုက်ပျိုးပင်များ၏ လအလိုက် ရှင်သန်အောင်မြင် ကြီးထွားမှုကို ဓါတ်ပုံမှတ်တမ်းထားရှိရန်၊ ရေစီးဆင်းနိုင်သည့် လျှိုငယ်များ၌ ရေနှင့် မြေဆီလွှာထိန်းသိမ်းရန်အတွက် နှုံထိန်းတမံငယ်များ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူအစုအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စိုက်ခင်းပြုစုထိန်းသိမ်းရေးနှင့် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတွေ့အကြုံဗဟုသုတ ပိုမိုရရှိစေရန် အောင်မြင်လျှက်ရှိသည့် အခြားဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောစိုက်ခင်း စီမံကိန်းများသို့ လေ့လာရေး ခရီးစဉ် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉- ၂၀ ဘဏ္ဍာနှစ် အထိ (၃)နှစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး ဂျပန်နိုင်ငံမှ ဂျပန်ယန်း ငွေ ၉.၆ သန်းကျော် အထောက်အပံ့ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါဒေသ၌ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်း ၁၈၀ ဧက တည်ထောင်ဆောင်ရွက်၍ ဒေသခံအစုအဖွဲ့ပိုင် စိုက်ခင်းအသိ ပညာများရရှိရေးအတွက်ဒေသခံပြည်သူများအားလည်း သင်တန်းများပို့ချ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။