ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဖမ်းဆီးသစ်များထိန်းသိမ်းထားမှု အခြေအနေ၊ ကျေးရွာ သုံးထင်းစိုက်ခင်းများ၊ သစ်ထုတ်လုပ်ငန်းဆောင်ရွက်ပြီးမှုအခြေအနေများနှင့် ခနောက် စိမ်းသတ္တုတူးဖော်ခြင်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး

နေပြည်တော် ဖေဖေါ်ဝါရီ 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၂.၁.၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် ဌာနမှတာဝန်ရှိသူများနှင့်တူ ရှမ်းပြည် နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ လိုင်ဟာမြားဒေသရှိ ပတ္တမြားနဂါးသတ္တု တူးဖော်ရေးကုမ္ပဏီ၏ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ခနောက်စိမ်း တူးဖော်ထုတ်လုပ်လျှက်ရှိသည့် လိုင်ဟာမြှားအမှတ်(၅) သတ္တုလုပ်ကွက်သို့ ရောက်ရှိခဲ့ရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် ကုမ္ပဏီမှတာဝန်ရှိသူများမှ သတ္တုလုပ်ကွက်ဆိုင်ရာ အချက်အလက်များ၊ မြေအောက်မိုင်းအတွင်းတူးဖော်ထုတ်လုပ်နေသည့် အခြေအနေများ၊ သတ္တုရိုင်းအား ဆင့်တက်ပြုပြင်ဆောင်ရွက်ခြင်း တို့အားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဆင့်တက် ပြုပြင်ခြင်းလုပ်ငန်းစဉ်မှ  သတ္တုသားပြန်ရနှုန်း အနည်း/အများ ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ အားသာချက်/အားနည်းချက်များကိုစနစ်တကျလေ့လာခြင်း၊ စျေးကွက်တွင်ဖြစ်ပေါ်နေသည့် ဝယ်လိုအားကို ဆန်းစစ်လေ့လာခြင်းများဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တူးဖော်ထုတ်လုပ်ထားသည့် ခနောက်စိမ်းသတ္တုရိုင်းပါမြေစာများ စုပုံထားရှိမှု၊ မိုင်းအတွင်း တူးဖော်ထုတ်လုပ်နေမှုနှင့် စက်ရုံအတွင်း အမြှပ်ဖော်စနစ်ဖြင့် လည်းကောင်း၊  အပူပေးစနစ်ဖြင့်လည်းကောင်း သတ္တုသားပါဝင်မှု ဆင့်တက်ပြုပြင်ခြင်း ဆောင်ရွက်လျက်ရှိသည့် နည်းစနစ်များအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ၂၀၁၈ မြန်မာ့သတ္တုတွင်း နည်းဥပဒေအညီ လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။  

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာ့သစ်လုပ်ငန်း ပြည်နယ်အထွေထွေမန်နေဂျာရုံးသို့ ရောက်ရှိခဲ့ရာ ပြည်နယ်တာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လွိုင်လင်သစ်ထုတ်ရေးဒေသမှ သစ် ထုတ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သစ်ထုတ်လုပ်ရန် လျထားချက်များအားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ သစ်ထုတ်ပြီးအကွက်များ တွင် သဘာဝတောတန်ဘိုးမြှင့်ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။

(၃.၂.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်ဆိုင်းဒေသရှိ ထိပ်တန်းကြယ်ဆယ်ခုသတ္တုတူးဖော်ရေးကုမ္ပဏီ၏ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ဘော်ဖြူတောင်လုပ်ကွက်အမှတ်(၂) မြေအောက်လှိုင်ခေါင်းစနစ်ဖြင့် ခဲသတ္တုတူးဖော်ထုတ်လုပ်နေသည့် လုပ်ကွက်အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု့စစ်ဆေးခဲ့သည်။ ထို့နောက် လုပ်ကွက်အတွင်းရှိ ကုမ္ပဏီ၏ အမြှပ်ဖော်နည်းစနစ်ဖြင့် ခဲသတ္တုရိုင်း ဆင့်တက်ပြုပြင်သည့်စက်ရုံအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး သတ္တုတူးဖော်ခြင်း၊ ဆင့်တက် ပြုပြင်ခြင်းများအတွက် လေလွင့်မှုအနည်းဆုံးဖြစ်ရန်၊ နုန်းအနည်အနှစ်များ စနစ်တကျ စီမံခန့်ခွဲရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် Corporate Social Responsibility (CSR) လုပ်ငန်းများအား လုပ်ငန်းစီမံချက်ပါအတိုင်း အပြည့်အဝအကောင်အထည်ဖော်ဆောင် ရွက်ရန်လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြေနဂါးသတ္တုတူးဖော်ရေးကုမ္ပဏီနှင့် မလိခရတနာသတ္တုတူးဖော်ရေး ကုမ္ပဏီ၏တို့၏ ခဲသတ္တုဆေးကြောသန့်စင်သည့် စက်ရုံများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးကာလမ်း မိုင်တိုင်အမှတ် ၄၀/၀ အနီး ယင်းမာပင်သစ်တောစခန်းအတွင်း လေလံတင်ရောင်းချမည့် ဖမ်းဆီးရမိထားသော တရားမဝင်သစ်များအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာများ အလေအလွင့်မဖြစ်စေရေး စနစ်တကျစီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့သစ်လုပ်ငန်း၊ လှိုင်းတက်သစ်ဆိပ် သို့ရောက်ရှိခဲ့ရာ သစ်ဆိပ်တာဝန်ရှိသူများမှ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းမှသစ်များ သယ်ယူသိုလှောင်ထားရှိမှုနှင့် လေလံတင်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မီးဘေးကာကွယ်ရေးစနစ်တကျ ကြိုတင်ပြင်ဆင် ထားရန်လမ်းညွှန်မှာကြားခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ သာစည်မြို့နယ်၊ ကျောက်အိုးကြီးရွာအနီး ရူပါတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၃)နှင့် (၂၀)အတွင်း စိုက်ပျိုးတည်ထောင်ထားသော (၁/၂၀၁၈) ကျေးရွာသုံးထင်းစိုက်ခင်း (၁၀၀)ဧက စိုက်ပျိုးတည်ထောင်ထားရှိမှုအားကြည့်ရှု့စစ်ဆေးခဲ့ပြီး စိုက်ခင်းရည်ရွယ်ချက်အတိုင်း စိုက်ခင်းသက်တမ်း(၅)နှစ်ပြည့်ပြီး ဒေသခံပြည်သူများအားလွှဲပြောင်းပေးရာတွင် စိုက်ခင်းဧက အပြည်အဝလွှဲပေးနိုင်ရန်လိုအပ်ကြောင်း၊ လာမည့်မိုးရာသီတွင် သေပင်ဖာထေးခြင်း ဆောင်ရွက်ရန်နှင့် သဘာဝတောကျန်များကို စနစ်တကျပြုစုထိန်းသိမ်းရန်၊ နုန်းထိန်းတမံများ ၏အထက်ဘက်တွင် ဇီဝအင်ဂျင်နီယာနည်းဖြင့် နုန်းတားများဖြည့်စွက် တည်ဆောက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။