ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရွှေစက်တော် မန်းချောင်း ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြု အပန်းဖြေ ဆင်စခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်

နေပြည်တော် ဖေဖေါ်ဝါရီ ၁၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၉.၂.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ ရွှေစက်တော် မန်းချောင်း ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြု အပန်းဖြေ ဆင်စခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဆင်စခန်းဖွင့်ပွဲအခမ်းသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊  မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစာကားပြောကြားရာတွင် ကျွန်တော်တို့ မြန်မာနိုင်ငံတော်အနေနဲ့ ဆင်တွေကို ရှေးဘုရင်မင်းများလက်ထက်ကစ၍ ထိန်းသိမ်း စောင့်ရှောက် ခဲ့ကြပြီး ဘာသာရေး အခမ်းအနား၊ မင်္ဂလာပွဲအခမ်းအနား၊ ကာကွယ်ရေး၊ တိုက်ခိုက်ရေး၊ သယ်ယူပို့ ဆောင်ရေး စတဲ့နေရာ အတွေအပြင် စီးပွားရေးအရ သစ်ထုတ်ခြင်းလုပ်ငန်းများတွင်ပါ အသုံးပြုခဲ့ကြ ပါကြောင်း၊ ဆင်နှင့် သစ်ထုတ်ခြင်းဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအနည်းဆုံးလို့ နိုင်ငံတကာ ကလည်း အသိအမှတ်ပြု လက်ခံပါကြောင်း၊ ဝန်ကြီးဌာနအနေနဲ့ သစ်တောသယံဇာတ အစဉ်တည်တံ့ စေဖို့နဲ့ ဂေဟစနစ်များ ညီညွတ်မျှတစေဖို့အတွက် သစ်ထုတ်လုပ်မှုကို ယခင်ကထက်များစွာ လျှော့ချပြီး ဆောင်ရွက်လျက်ရှိရာ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များ အကျိုးရှိရှိအသုံးချနိုင်ရေး၊ ဆင်ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အခြေခံသော Community Based Elephant Tourism လုပ်ငန်းများ ပေါ်ထွန်းလာပြီး သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းဖြင့် နိုင်ငံတော်၏ ဝင်ငွေတိုးတက် ရရှိစေရေးတို့အတွက် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်း စခန်းများကို ဖွင့်လှစ်ခဲ့ပါကြောင်း၊   ယခုဖွင့်လှစ်သည့် (၁၉)ခုမြောက်ဆင်စခန်းကို မကွေးတိုင်းဒေသကြီး၊ မင်းဘူး သစ်ထုတ်ရေးဒေသမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး လိုအပ်သောလုပ်ငန်းရံပုံငွေများကိုပံ့ပိုးပေးခဲ့သော တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားခဲ့ပြီး ဆင်စခန်းအား အခမ်းအနားတက်ရောက်လာသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ဆင်စခန်းအားလှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဆင်စခန်းစိမ်းလန်းစိုပြည်ရေး၊ ဆင်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဆင်ဝန်ထမ်းမိသားစုများ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် တတ်နိုင်သမျှပံ့ပိုးကူညီပေးရေး၊ လာရောက်လည်ပတ်သည့် ဧည့်သည်များ အဆင်ပြေ စိတ်ချမ်းမြေ့စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေးတို့ အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး နောင်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများအားလက်ခံကျင်းပနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်ရန် အကြံပြု တိုက်တွန်းခဲ့သည်။

အဆိုပါ ဆင်စခန်းတွင် ဆင်စာကျွေးခြင်း၊ ဆင်စီးခြင်တို့အတွက် ဆင်ကြီး (၅)ကောင်၊ ဝန်တင်ဆင်(၉)ကောင်နှင့် အမိနောက်လိုက်ဆင်(၁)ကောင် စုစုပေါင်း(၁၅)ကောင်ထားရှိ ထားပြီး ဆင်စာကျွေးခြင်း၊ ဆင်စီးခြင်းများအပြင် ညအိပ်တည်းခိုနိုင်ရန်အတွက် အိပ်ဆောင်(၁၄)ဆောင် ဆောက်လုပ်ထားကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ သံပရာကိုင်းဒေသ၊ ပဒေါင်း-ပျော်ဘွယ်ကြိုးပြင်ကာကွယ်တောအတွင်းရှိ မြင့်မြတ်ချမ်းအေးကုမ္ပဏီ၏ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကျောက်မီးသွေးအကြီးစား ထုတ်လုပ်မှုလုပ်ကွက်အားကြည့်ရှု့စစ်ဆေးခဲ့ရာ ရှေးဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများမှ လုပ်ကွက်အတွင်း ကျောက်မီးသွေးသိုက်ဖြစ်ထွန်းမှုအခြေအနေ၊ နှစ်အလိုက်တူးဖော် ထုတ်လုပ်ထားရှိမှုနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့အတွက်ဆောင်ရွက်ထားရှိမှုများအားတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ အားမေးမြန်းခဲ့ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဌာနမှ ထုတ်ပြန် ညွှန်ကြားထားသည့်အချက်များအား အထူးသတိပြုလိုက်နာဆောင်ရွက်ရန်နှင့် Corporate Social Responsibility (CSR) လုပ်ငန်းများအတွက် သုံးစွဲငွေများကို ရက်စွဲဖြင့် အတိအကျမှတ်တမ်းထား ရှိရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များစိုက်ပျိုးရန်နှင့် စိုက်ပျိုးပြီးအပင်များ ရာနှုန်းပြည့်ရှင်သန်ရေးအတွက် စနစ်တကျပြုစုထိန်းသိမ်းစောင့်ရှောက်ရန်လမ်းညွှန်မှာကြားခဲ့ပြီး ကျောက်မီးသွေးတူးဖော်ထုတ်လုပ်သည့် မြေအောက်မိုင်းအား စစ်ဆေးကြည့်ရှု့ခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ အမှတ်(၂၅)သစ်စက်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ သစ်စက်ဆိုင်ရာ အခြေခံအချက်အလက်များ၊ ကုန်ကြမ်သစ်လုံးများလက်ခံရရှိမှု၊ သစ်ခွဲသားများ ခွဲစိတ်ထုတ်လုပ်နိုင်မှုနှင့် ခွဲစိတ်ပြီးသစ်ခွဲသားများ လေလံတင်ရောင်းချနိုင်မှုနှင့် သစ်စက် မီးဘေးအန္တရာယ်ကာကွယ်တားဆီးရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ခွဲစိတ်ပြီး သစ်ခွဲသားများ အမြန်ဆုံးရောင်းချရန်၊ သစ်ခွဲသား အလေအလွင့် များတတ်နိုင်သမျှနည်းစေရန်နှင့် မီဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားရန် လမ်းညွှန်မှာကြားခဲ့ပြီး လေလံတင်ရောင်းချမည့် ရွေးကျန်သစ်ခွဲသားများနှင့် အတိုအစသစ်ခွဲသားများ လပ်ပုံ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ်၊ သီးကုန်း-ကျွန်းဖျား ကျေးလက် လမ်း မိုင်တိုင်အမှတ်(၂/၄)အနီးရှိ (၁/၂၀၁၈) ကျေးရွာထင်းစိုက်ခင်း ဧက(၃၀)သို့ရောက်ရှိ စစ်ဆေးခဲ့ရာ စိုက်ခင်းယာယီရှင်းလင်းဆောင်တွင် သစ်တောဦးစီးဌာနတာဝန်ရှိသူများမှ ကျေးရွာထင်းစိုက်ခင်း ဆိုင်ရာ အချက်အလက်များတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာမှ စိတ်ပါဝင်စားသူများအား အဖွဲ့ ဖွဲ့ပေးပြီး စိုက်ခင်းထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်စေရေး၊ စိုက်ခင်း(၅)နှစ်ပြည့်က အဆိုပါအဖွဲ့သို့ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောတစ်ခုအနေဖြင့် စနစ်တကျ လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး စိုက်ခင်းအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့နောက် စိုက်ခင်းအနီးရှိ အကေးရှားစပ်မျိုးစမ်းသပ်စိုက်ကွက်အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး  သီးကုန်းကျေးရွာမှ စိုက်ခင်းထိန်းသိမ်းပြုစုစောင့်ရှောက်ရေးပူးပေါင်းပါဝင်ဆောင်ရွက်သည့် ဒေသခံ ကျေးရွာသားများနှင့် တွေ့ဆုံ၍ စိုက်ခင်းရည်ရွယ်ချက်အောင်မြင်ရေးပူးပေါင်းပါဝင်ဆောင်ရွက်ရန်ပြော ကြားခဲ့ပြီး စိုက်ခင်းအနီးလျှိုပိတ်ဆည်တစ်ခုတည်ဆောက်ပေးနိုင်ရေး ဒေသခံများတင်ပြမှုအပေါ် ဖြစ်နိုင်မှုဆန်းစစ်လေ့လာပြီး ပြန်လည်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ၏ မင်းဘူးမြို့နယ်၊ ဆင်ခေါင်း-ဇီအိုင် ကြိုးပြင်ကာကွယ်တောအတွင်း စိုက်ပျိုးတည်ထောင်ထားသည့် ၁/၂၀၁၈ တောင်တန်းစိုက်ခင်း (၁၀၀)ဧကအားလည်းကောင်း၊ တစ်အုပ်တစ်မစိုက်ခင်း တမာ (၂၅၀၀) ပင် စိုက်ပျိုးတည်ထောင်ထားရှိမှုများအားကြည့်ရှု့စစ်ဆေးခဲ့သည်။ ထို့နောက် စိုက်ခင်းယာယီရှင်းလင်း ဆောင်တွင် တာဝန်ရှိသူများမှ စိုက်ခင်းဆိုင်ရာအချက်အလက်များအားတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က ရေဝေရေလဲထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးတို့အတွက် ရည်ရွယ်စိုက်ပျိုးသည့် စိုက်ခင်းများဖြစ်သည့်အားလျှောစွာ စိုက်ခင်းပြုစုထိန်းသိမ်းခြင်းကို အနည်းဆုံး(၅)နှစ်အထိဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ရာသီဥတုပြင်းထန်သည့် ဒေသများတွင် စိုက်ပျိုးပြီး ပြုစုထိန်း သိမ်းမှုသည် အလွန်အရေးကြီးကြောင်း၊ တောကျန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ကွက်လပ် ဖြစ်နေသည့်နေရာများတွင် ဒေသနှင့်ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်သည့် အပင်များ ဦးစားပေး စိုက် ပျိုးရန်လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာန၏ ရွှေတပင်(အမြဲတမ်း)ပျိုးဥယျာဉ်အတွင်း ပျိုးပင်များစိုက်ပျိုးထိန်းသိမ်းထားရှိမှုများ အားကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-ကံပြားလမ်း မိုင်တိုင်အမှတ် (၂၆) အနီး ငမင်သစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၂၁၈) အတွင်းရှိ သစ်တောဦးစီးဌာနမှ စိုက်ပျိုး တည်ထောင်ထားသော သစ်မျိုးစုံစိုက်ခင်း(၅၅)ဧကအားလည်းကောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ မြို့သစ်ကြိုးဝိုင်း၊ အကွက်အမှတ်(၅)အတွင်းစိုက်ပျိုးတည်ထောင်ထား သော (၁/၂၀၁၇) ရေဝေရေလဲထိန်းသိမ်းရေးစိုက်ခင်း (၁၅၀)ဧကအားလည်းကောင်း၊ ၂၀၁၇ခုနှစ် မိုးရာသီတွင် စမ်းသပ် စိုက်ပျိုးထားသော အကေးရှားစပ်မျိုးစမ်းသပ်စိုက်ကွက်အားလည်းကောင်း၊ ၂၀၁၉ မိုးရာသီတွင် စိုက်ပျိုးမည့် တစ်အုပ်တစ်မစိုက်ခင်း အပင်(၅၀၀) စိုက်ပျိုးရန် ကျင်းတူးထားမှုများ အားလည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့သည်။