ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ဌာနဆိုင်ရာ လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း သည် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော် ဝါရီလ ၂၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်သစ်ထုတ်ရေးဒေသ၊ စဉ်ကူး မြို့နယ်ရှိ ဂဒူးတသစ်ဆိပ်နှင့် သပိတ်ကျင်းမြို့နယ် ပိုးဇာသစ်ဆိပ်တို့၌ သစ်တောဦးစီးဌာန ဖမ်းဆီး သစ်နှင့် မြန်မာ့သစ်လုပ်ငန်း၏ သစ်ထုတ်လုပ်ကွက်များမှ ထွက်ရှိလာသောသစ်များအား စနစ်တကျ စုပုံထားရှိမှုနှင့် လပ်ပုံထိုင် ဆောင်ရွက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ဌာနမြေနေရာများအား မြေရာပိုင်ဆိုင်မှုသေချာအောင် ဆောင်ရွက် ထားရှိရန်၊ ဖမ်းဆီးသစ်များ၊ ယာယီအပ် သစ်များ သစ်အရည်အသွေးကောင်းရှိစဉ် လေလံတင်၍ ရောင်းချနိုင် ရေးအတွက် အမှုအမြန်ပြီးပြတ်အောင် တိုင်းဒေသကြီးအစိုးရထံ တင်ပြဆောင်ရွက်ရန်နှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အထူးအလေးထား ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားကာ သစ်များစနစ်တကျ စုပုံထားရှိမှုအခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးကုတ်မြို့နယ် ကင်းကျေးရွာအနီး ကင်းကွက်ရပ် တွင် ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက စိုက်ပျိုးမည့် ဝါးစိုက်ခင်း (၅) ဧက၊ မိုးကုတ် မြို့နယ်၊ သစ်တောဦးစီးဌာနက ရွှေညောင်ပင် ကြိုးပြင်ကာကွယ်တော အကွက်အမှတ်(၈)တွင် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ကျေးရွာထင်းစိုက်ခင်း (၅၀) ဧက၊ ကင်းပုဇွန်ဆိတ်သျှိုချောင်းတွင် ပြုလုပ်ထားသောစုပေါင်းမုံစစ်ကန်တို့အာကြည့်ရှုစစ်ဆေးသည်၊ ပြည်ထောင်စုဝန်ကြီးက  ချောင်းအနီး တောင်စောင်း၌သစ်ပင်စိုက်ပျိုးပါက တောင်စောင်းအခြေတွင်ရှိသောမူလသစ်ပင်များအား  ခုတ်ထွင် ရှင်းလင်းခြင်းများ မပြုလုပ်ဘဲ ချန်လှပ်ကာ သစ်ပင်စိုက်ပျိုးဆောင်ရွက်ရန်၊ မုံကနယ်များအား ကင်းချောင်းအတွင်းသို့ ကျရောက်မှုမရှိစေရေး စနစ်တကျအလေးထားဆောင်ရွက်ရန်နှင့် စုပေါင်း မုံစစ်ကန် တာဘောင်ပေါ်၌ အကေးရှားဟိုက်ဘရစ်နှင့် ယူကလစ်စိုက်ပျိုးရန်နှင့် ကင်းချောင်း တလျှောက် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသင့်လျော်သည့် ရေသင်းဝင်၊ ယူကလစ်နှင့် ပင်လယ် ကဗွီး စသည့် သစ်မျိုးများအားစိုက်ပျိုးဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိုးကုတ်မြို့နယ်၊ ဘော်ဗဒါန်းကွက်ရပ်၌ နိုင်ငံတော် နှင့် အကျိုးတူ ဆောင်ရွက်ခဲ့သည့် ဌေးပိုင်ကျောက်မျက်ကုမ္ပဏီ ကျောက်ဆောင်အကျိုးတူ(၂) လုပ်ကွက်အား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလုပ်ကွက်သည် ထုတ်လုပ်မှု သက်တမ်းကုန်ဆုံး၍ ရပ်နားထား သည့်လုပ်ကွက်ဖြစ်ပြီး လုပ်ကွက်အတွင်း တရားမဝင်တူးဖော်မှုမရှိစေရေး လုံခြုံမှုအစီ အမံများဖြင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မှုအခြေအနေများအပေါ် လိုအပ်သည်များ ဆွေးနွေး မှာကြားသည်။  မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေရေးဆွဲပြဌာန်းရာ၌ယခင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ၊ အားနည်းချက်၊ အားသာချက်အပေါ် အခြေခံကာ လိုအပ်ချက်များ ပြင်ဆင်ဖြည့်စွက် နိုင်ရန်အတွက် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပဆောင်ရွက်ရန်၊ မြန်မာ့ကျောက်မျက် ရတနာနည်းဥပဒေတွင် လိုအပ်ချက်များပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များကလည်းဝိုင်းဝန်း အကြံပြုကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘားနာဒ်ကြိုးဝိုင်းအကွက် အမှတ်(၁၀၁)အတွင်း၌ ဘော်မားကျောက်မျက် ကုမ္ပဏီက စိုက်ပျိုးထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သစ်တောစိုက်ခင်းအားကြည့်ရှု့ စစ်ဆေးပါသည်။ အဆိုပါစိုက်ခင်းအား ၂၀၁၃ ခုနှစ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သစ်တော သစ်ပင်စိုက်ပျိုးရေးနှင့်ထိန်းသိမ်းရေးပွဲတော်၌ စိုက်ပျိုးဆောင်ရွက်၍ လက်ရှိဘော်မား ကျောက်မျက် ရတနာကုမ္ပဏီလီမိတက်က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး သစ်တောဦးစီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာသာယာကျေးရွာအနီး ဘားနာဒ်စစ်သင်္ချိုင်းနှင့် ယမ်းတိုက်ဧရိယာ သတ်မှတ်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘားနဒ်စစ်သင်္ချိုင်းမြေနေရာတွင် ပါဝင်နေသည့် ရတနာနယ်မြေနှင့် ပတ်သက်၍ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးဆောင်ရွက်ရန်မှာကြားပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးကုတ်မြို့၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ် ရေးလုပ်ငန်းရုံး သို့ရောက်ရှိပြီး ရုံးဝန်းအတွင်း ဌာနပိုင်အဆောက်အဦများကို လှည့်လည် ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီးက ကျောက်မျက်ရောင်းဝယ်ရေးဌာန ဆောင်ရွက်မည့် လုပ်ငန်းအတွက် သင့်လျော်သည့် ဌာနအဆောက်အဦအား ယာယီအသုံးပြုရန်၊ နောင်လုပ်ငန်း တွင်ကျယ်လာပါက ကျောက်မျက်ရောင်းဝယ်ရေးဌာန ရုံးအဆောက်အဦ၊ ကားရပ်နားရန်နေရာ၊  ဝန်ထမ်းအိမ်ရာတို့အတွက် တင်ပြဆောင်ရွက်ရန်၊ ဌာနပိုင်မြေနေရာများအား ကျူးကျော်မှုမရှိ စေရေးစနစ်တကျ ထိန်းသိမ်းထားရှိရန်တို့ကို  လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း(မိုးကုတ်) ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေး၍ နယ်နိမိတ်တိုင်များ စိုက်ထူထားရှိရန်၊ ဧရိယာပြမြေပုံ ရေးဆွဲထားရှိရန်တို့ကို ဆွေးနွေးမှာကြားပါသည်။ ဆက်လက်၍ သစ်တောကြိုးဝိုင်းဧရိယာအတွင်း ကျရောက်သည့် မိုးကုတ် ရတနာမြေ View Point မြေနေရာ၊ အမှိုက်စွန့်ပစ်ရန်မြေနေရာ၊ သုဿန်မြေနေရာတို့နှင့် ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များအား ဆွေးနွေးမှာကြားပါသည်။ ၎င်းနောက် မိုးကုတ်မြို့မှ မိုးမိတ်မြို့သို့ မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာ၍ မိုးမိတ်မြို့နယ်၊ သစ်တောဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ သစ်တောဖုံးလွှမ်းမှု ဧရိယာတိုးတက်စေရေးအတွက် မူလရှိသည့်တောဧရိယာအား လျော့ပါးမှုမရှိစေ ရေးထိန်းသိမ်းစောင့်ရှောက်ရန်၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောအတွင်း တရားမဝင် ကျူးကျော် မှုများ၊ တရားမဝင်ရွှေသတ္တုတူးဖော်မှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန်၊ ဌာန စိုက်ခင်းနှင့်ပုဂ္ဂလိကစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက် ရန်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းကို အားပေးစည်းရုံးဆောင်ရွက် ရန်၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့် တာဝန်ကိုကျေပွန်အောင် ဆောင်ရွက်ကြရန်၊ လာဘ်ပေး လာဘ်ယူ ကင်းရှင်းမှုရှိရန်၊ မူးယစ်ဆေးဝါးကိစ္စများ၌ ပါဝင်ပတ်သက်မှုမရှိအောင်ဂရုပြု နေထိုင် ကြရန်၊ ဝန်ထမ်းအချင်းချင်း ကူညီရိုင်းပင်ကာ မိမိတို့၏ အခက်အခဲများကိုလည်း တာဝန်ရှိသူ အဆင့်ဆင့်အား တင်ပြ၍ ဖြေရှင်းဆောင်ရွက်ရန်၊ တရားမဝင်သစ် ဖမ်းဆီးဆောင်ရွက်ရာတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် လုံခြုံ​ရေးအထူးဂရုပြု ဆောင်ရွက် ရန်တို့ကို ဆွေးနွေးမှာကြားပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးမိတ်မြို့၊ မြန်မာ့သစ်လုပ်ငန်း အမှတ်(၁၁၈) သစ်စက်ဝန်းသို့ရောက်ရှိ၍ ဖမ်းဆီးရမိသစ်များ စုပုံထားရှိမှုအခြေ အနေအား ကြည့်ရှုစစ်ဆေးကာ သစ်များအား စနစ်တကျစုပုံထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရန်၊ သစ်စက်ဝန်းမြေနေရာပိုင်ဆိုင်မှု အထောက်အထားဆောင်ရွက်ထားရှိရန်၊ အဆိုပါမြေ နေရာ၌ နောင်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အစီအမံများ ရေးဆွဲဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးမိတ်မြို့မှ မိုးမိတ်­- တွင်းငယ်ကား လမ်းအတိုင်း ဆက်လက်ထွက်ခွာ၍ မိုးမိတ်မြို့၊ ကင်းရွာအနီးရှိ ကင်းချောင်းတံတား တာဘောင်ပြု လုပ်ခြင်းနှင့် ကင်းချောင်းဆယ်တင်မှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။ မိုးမိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးလှိုင်ထွန်း၊ ကျောက်မျက်တူးဖော်ရေးဌာန ဒုတိယအထွေထွေ မန်နေဂျာ ဦးတင်ဆန်းအောင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ကင်းချောင်းဆယ်တင်ခြင်းနှင့် တာဘောင်ဖို့ ဆောင်ရွက်ခြင်းလုပ်ငန်း၌ ကျောက်မျက်တူးဖော်ရေးဌာနက လိုအပ်သည့်စက်ယန္တရားနှင့် ပညာရပ် တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်ဦးစီးဌာနတို့နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ ကင်းချောင်း တာဘောင်ပေါ်တွင် အကြီးမြန်သစ်မျိုးများ၊ ဗက်တီဘာမြက်တို့ကို စိုက်ပျိုးဆောင်ရွက် ရန်၊ လိုအပ်သော ပျိုးပင်ကို သစ်တောဦးစီးဌာနက ပံ့ပိုးဆောင်ရွက်ပေးရန်၊ တရားမဝင်ရွှေသတ္တု တူးဖော်မှုများအား အရေးယူ ဆောင်ရွက်ရန်၊ ကင်းချောင်ရေဝပ်ဧရိယာရှိ ကျေးရွာ(၃) ရွာရှိ အိမ်ခြေ များအား ရွှေဥဒေါင်းဘေးမဲ့တောသို့ ပြောင်းရွှေ့လိုခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တဆင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြလမ်းညွှန်မှုခံယူရန်တို့ကို ဆွေးနွေးမှာကြား၍ ကင်းချောင်းတာဘောင် တစ်လျှောက် သစ်ပင်စိုက်ပျိုးထားရှိမှုအား ကြည့်ရှု စစ်ဆေး၍ ဒေသခံပြည်သူများအား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြောင်းသိရသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျဉ်း မြို့နယ်၊ သစ်တောဦးစီးဌာန၏ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း၊ စီးပွားရေး(ပိတောက်) စိုက်ခင်း ၄/၂၀၁၇ (၁၀၀)ဧကအား ကြည့်ရှုစစ်ဆေး၍ စီးပွားရေးစိုက်ခင်း ဖြစ်သည့်အတွက် စီးပွားရေး တွက်ချေကိုက်စေရန်၊ စျေးကွက်ရောင်းတမ်းဝင် သစ်များထုတ်လုပ်စေ ရန် ရည်မှန်းချက်ထားရှိကာ စိုက်ခင်း ပြုစုထိန်းသိမ်းမှုလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အရည်အသွေးမီ သစ်ခွဲသား ထုတ်လုပ်နိုင်ရန်အတွက် စိုက်ခင်းငယ်စဉ်ကတည်းက ပင်စည်ဖြောင့်တန်းရန်နှင့် ကိုင်းချိုင်ခြင်းလုပ်ငန်းများကို ဦးစားပေး၍ ဆောင်ရွက်ရန်လိုအပ် ကြောင်းတို့ကို မှာကြားပါသည်။ ၎င်းနောက် ဆက်လက် ထွက်ခွာ၍ သပိတ်ကျဉ်းမြို့နယ်၊ သစ်တော ဦးစီးဌာန၏ ဆင်မွှေးပျိုးဉယျာဉ်ကို ရောက်ရှိကာ ပျိုးဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပျိုးပင်များစိုက်ပျိုးရာသီအမီ အချိန်မီပျိုးထောင်နိုင်စေရန်၊ ကျန်းမာ ကြံ့ခိုင်သန်စွမ်းသည့် ပျိုးပင် များထုတ်လုပ်နိုင်စေရန်၊ လူထုဖြန့်ပျိုးပင်များကို စနစ်တကျဖြန့်ဝေနိုင်စေရန် တို့ကို လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။