ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား The World Bank မှ Program Leader ဖြစ်သူ Mr. Mark Austin နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၅-၃-၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် The World Bank မှ Program Leader ဖြစ်သူ Mr. Mark Austin နှင့်အဖွဲ့အား ယနေ့ ၅-၃-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင် တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် World Bank - Environment and Natural Resoruce Programme အောက်မှ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်မှု (Country Environmental Analysis - CEA) လုပ်ငန်းများနှင့် တွေ့ရှိချက် ရလဒ် များအပေါ် လေ့လာသုံးသပ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအပါအဝင်   သတင်းအချက်အလက် ဖြန့်ဝေမည့်လုပ်ငန်းစဉ်များ၊ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် သစ်တောပြန်လည်တည်ထောင်ရေး (၁၀) နှစ် စီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်မည့်အစီအစဉ်များ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ရေးနှင့် ဒီရေတောထိန်းသိမ်းရေး၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ ပိုမိုအားကောင်းလာစေရေးအတွက် ပါဝင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ အကဲဖြတ်သုံးသပ်သည့် လုပ်ငန်းများ ပိုမို ထိရောက်မြန်ဆန်မှုရှိရေး ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။