ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် ဂျပန်-မြန်မာ ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်၊ ၁၄.၃.၂၀၁၉

ဒုတိယအကြိမ် ဂျပန်-မြန်မာ ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတက်ရောက် ရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၁.၃.၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန (Ministry of Environment) မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ ညစာစားပွဲတွင် ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန State Minister ဖြစ်သူ Mr. Minoru KIUCHI နှင့်အတူ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းများ လွယ်ကူလျှင်မြန်နိုင်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ စွန့်ပစ်အမှိုက်များ အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်ခြင်းနှင့် စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်ရေး၊ မြေအောက်ရေ စနစ်တကျ ထုတ်ယူသုံးစွဲရေးနှင့် စွန့်ပစ်ရေကို ဂျပန်နိုင်ငံ၏ ရေသန့်စင်မှု နည်းပညာဖြစ်သည့် ဂျိုကဆိုး (Johkasou) အသုံးပြု၍ ပြန်လည်သန့်စင်နိုင်မည့် နည်းလမ်းများ ဖြန့်ဝေရေး၊ ဒီရေတောများ ပြန်လည်ထူထောင်ရေး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် သစ်တောစိုက်ခင်းများ ထူထောင်ခြင်းနှင့် ရေရရှိရေးဆောင်ရွက်ခြင်းတို့တွင် ပူးပေါင်းဆောင် ရွက်နိုင်မည့် နည်းလမ်းများ၊ ဒေသခံများ၏ လူမှုစီးပွားရေးကို ထိခိုက်မှုမရှိစေဘဲ ရွှေ့ပြောင်း တောင်ယာအစားထိုး စိုက်ပျိုးနည်းပညာတို့နှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီပေးနိုင်မည့် အစီအစဉ်များအား အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ၁၂.၃.၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွက် အီဒိုဂါဝါရှိ စွန့်ပစ်အမှိုက်များ မီးရှို့ဖျက်စီးသည့် စက်ရုံသို့ သွားရောက်လေ့လာခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ စက်ရုံသို့ရောက်ရှိလာသည့် အမှိုက်များ၏ အလေးချိန်ကို စနစ်တကျတိုင်းတာမှတ်သားခြင်းဖြင့် စွန့်ပစ်အမှိုက်များ၏ ပမာဏကို မှတ်တမ်းတင်ခြင်း၊ နေ့စဉ်ပျမ်းမျှ အမှိုက်တန်ချိန် ၆၀၀ ခန့်ကို အပူချိန် ၈၀၀ မှ ၉၅၀ ဒီဂရီ စင်တီဂရိတ်အကြား အပူပေး၍ စွမ်းအင်အဖြစ် ပြောင်းလဲ၍ လျှပ်စစ် ဓါတ်အားထုတ်လုပ်ခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့မှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ အဆိုပါစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မှုနှင့် ဝင်ငွေရရှိမှု၊ ပြုပြင်ထိန်းသိမ်းကုန်ကျစရိတ်များ၊ နည်းပညာအသစ်ဖြင့် အဆင့်မြှင့်တင်ခြင်းဆောင်ရွက်မည့်အစီအစဉ်များ၊ အီဒိုဂါဝါစွန့်ပစ်အမှိုက်မီးရှို့စက်ရုံအနေဖြင့် နှစ်ပေါင်း(၂၀)ကျော် နားရက်မရှိဘဲ စက်ရုံလည်ပတ်နိုင်ခဲ့သည့်အတွက် အသုံးပြုသည့် နည်းပညာကောင်းမွန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု၊  လေထုညစ်ညမ်းမှုမရှိစေရန်အတွက် ဥပဒေအရ ပြဌာန်းထားသည့် စံချိန်စံညွှန်းများထက် ပိုမိုမြင့်မားသည့် ပြဌာန်းချက်များ သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်းတို့အား စက်ရုံတာဝန်ရှိသူများမှ ဆွေးနွေးတင်ပြခဲ့ကြရာ ပြည် ထောင်စုဝန်ကြီးမှ စွန့်ပစ်အမှိုက်များများမှ စွမ်းအင်ထုတ်လုပ်ခြင်းသည် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အထောက်အကူဖြစ်သလို လူနေထူထပ်သည့်နေရာတွင် စက်ရုံတည်ရှိသော်လည်း အများပြည်သူစိုးရိမ်သည့် လေထုညစ်ညမ်းမှု၊ အသံဆူညံမှုမရှိသလောက်ဖြစ်အောင် ဆောင်ရွက်နိုင်သည့်အတွက် ဒေသခံပြည်သူများရဲ့ ကျန်းမာရေးအတွက် အင်မတန်ကောင်းမွန် သည့်အချက်ဖြစ်ပြီး အသုံးပြုသည့်နည်းပညာနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး စံစနစ်များသည် ဂျပန်လူမျိုးတို့အတွက် ဂုဏ်ယူစရာဖြစ်ပါကြောင်း အသိအမှတ်ပြုဆွေးနွေး ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၃.၃.၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် တိုကျိုမြို့၊ အင်ပီရီယာဟိုတယ် (Imperial Hotel) တွင်ကျင်းပသည့် ဒုတိယအကြိမ် ဂျပန်-မြန်မာ ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး H.E. Mr. Yoshiaki HARADA နှင့် သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနမှ State Minister ဖြစ်သူ Mr. Minoru KIUCHI နှင့် Mr. Tsukasa AKIMOTO၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကျပြီး မြန်မာနိုင်ငံမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဂျပန်-မြန်မာ ဒုတိယအကြိမ် ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွင် ပင်လယ်ပြင်ရှိ စွန့်ပစ်ပလတ်စတစ်အမှိုက် (Marine Debris) များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ် (Environmental Impact Assessment Procedures) များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များ (JCM)၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ရေဆိုးသန့်စင်သည့် ဂျိုကဆိုး(Johkasou) နည်းပညာဆိုင်ရာ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၄.၃.၂၀၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။