သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောကဏ္ဍ) လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်(Press Release)အခမ်းအနားကျင်းပ

နေပြည်တော်၊ ၄−၄−၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ) လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) ၌ (၄−၄−၂၀၁၉) ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ) အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ရှင်းလင်းတင်ပြရာတွင် “အစိုးရသစ် ကာလအတွင်း (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ) ၏ လက်ရှိပကတိအခြေအနေကို  လေ့လာသုံးသပ်၍ အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်ချမှတ် အကောင်အထည်ဖော်ခဲ့သည့်  ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များအနက် အဓိကလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေမှန်ကို သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ယခုသတင်းထုတ်ပြန် ခြင်းအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ရေရှည်မျှော်မှန်းချက်ရရှိရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ရည်ရွယ်ချက် (၃) ရပ်အဖြစ် နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်ရေးအတွက် ရေရှည်တည်တံ့စေသောနည်းလမ်းဖြင့် နိုင်ငံတော်၏ သဘာဝ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ ထိခိုက်ပျက်စီးမှုများ တတ်နိုင်သမျှ လျှော့နည်းသက်သာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဟန်ချက်ညီညီ သဟဇာတရှိရှိ ဖြစ်စေရန်တို့ကို ချမှတ်၍ နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အပံ့ပြုရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပါသည်။

ထို့နောက် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ဆောင်ရွက်မှုအခြေအနေ၊  ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ၊ တရားမဝင်သစ် တားဆီးကာကွယ်ရေးနှင့့် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်(Community Monitoring  and Reporting System) ဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ကျေးလက်ပြည်သူများသို့ စွမ်းအားမြှင့် မီးဖိုများဖြန့်ဝေခြင်းနှင့် ပတ်သက်သည့်ဆောင်ရွက်မှု အခြေအနေအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေ နှင့် သက်ဆိုင်ရာ ကဏ္ဍများတွင် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများအား ပေါင်းစပ်အကောင် အထည်ဖော်ဆောင်ရွက် ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေး စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် အသိပညာပေးခြင်းဆိုင်ရာ ဆောင်ရွက်မှု အခြေအနေအား လည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ကြည်က ကျွန်းနှင့်သစ်မာထုတ်လုပ်မှု၊ တင်ပို့မှု၊ဖြန့်ဖြူးရောင်းချမှုများ၊ EIA အစီရင်ခံစာနှင့် လတ်တစ်လောဥရောပနိုင်ငံများသို့ ကျွန်းသစ်တင်ပို့​ရောင်းချခြင်းများနှင့်ပတ်သက်၍ အသီးသီး အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ တက်ရောက်လာသော သတင်းမီဒီယာအဖွဲ့များမှ သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိပုဂ္ဂိုလ်များက ဖြေကြားခဲ့ကြပြီး အခမ်းအနားကို (၁၅:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ သတင်းထုတ်ပြန်ခြင်းအခမ်းအနားသို့ ပြည်တွင်းမီဒီယာ (၂၃)ဖွဲ့မှ မီဒီယာသမား (၃၂)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ (သတင်းစဉ်)