ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) စီးပွားရေးကျွန်းစိုက်ခင်းနှင့် ရွှေသတ္တု တူးဖော်ခြင်းလုပ်ငန်းများကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ ဧပြီ ၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဧပြီလ ၇ ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လုံတောင် ကြိုးပြင်ကာကွယ်တော အကွက်အမှတ် (၂၀)အတွင်း သစ်တောဦးစီးဌာနက စိုက်ပျိုးတည်ထောင်ဆောင်ရွက်လျက်ရှိသည့် ၁/၂၀၁၇ စီးပွားရေးကျွန်းစိုက်ခင်း(၅၀) ဧက၊ ၁/၂၀၁၈ စီပွားရေးကျွန်းစိုက်ခင်း (၅၀) ဧက တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ၁/၂၀၁၉ စီးပွားရေးကျွန်းစိုက်ခင်း (၅၀) ဧက၏ စိုက်ခင်းအကြိုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးသည်။  

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စိုက်ခင်းစခန်း ယာယီရှင်းလင်းဆောင်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်က စိုက်ပျိုးပြီးစိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေအနေ၊ စိုက်ခင်းအကြိုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လာမည့်မိုးရာသီတွင်   စိုက်ခင်းဟောင်းများအား ဖာထေးဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စီးပွားရေးစိုက်ခင်းများဖြစ်သည့်အတွက် စီးပွားရေးတွက်ချေကိုက်အောင် စိုက်ပျိုးဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ကမ္ဘာ့အဆင့်အတန်းမီ ရောင်းတန်းဝင်ကျွန်းသစ်များ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် စိုက်ခင်းသက်တမ်းငယ်စဉ်ကတည်းက စနစ်တကျပြုစုပျိုးထောင်ရန်လိုအပ်ကြောင်း၊ စိုက်ခင်းများကို ပထမမိုးအမီ စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ခင်းဟောင်းများ၌ သေပင်ဖာထေးဆောင်ရွက်ရာ၌ သက်တမ်းတူပျိုးပင်ဖြင့်သာ ဖာထေးစိုက်ပျိုးဆောင်ရွက်ရန်မှာကြားလိုကြောင်း၊ စိုက်ခင်းမြေနေရာရွေးချယ်ရာ၌ မြေအမျိုးအစားနှင့် အတန်းအစားကိုပါ စိစစ်ရွေးချယ်ရန်နှင့် သစ်တောသုတေသနဌာနသို့ မြေနမူနာပေးပို့စစ်ဆေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသည့်သစ်မျိုး၊ စိုက်ပျိုးမြေ၌လိုအပ်ချက်ပေါ်မူတည်၍ မြေသြဇာကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ခင်းမြေနေရာရွေးချယ်ရာ၌ မတ်စောက်သည့်  တောင်ကုန်းထက် မြေပြန့် ရွေးချယ်ရန်လိုအပ်ကြောင်း၊  မတ်စောက်သည့်နေရာကိုမဖြစ်မနေ ရွေးချယ်ရလျှင်လည်း ကွန်တိုအလိုက်စိုက်ပျိုးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ခင်းအတွင်း လျှိုမြောင်ငယ်များ၌လည်း နှုန်းထိန်းတမံငယ်များ တည်ဆောက်ရန်လိုအပ်ကြောင်း၊ တောင်ယာခုတ်ရန် လွယ်ကူ၍ တောင်ယာဟောင်း၊ ဖုန်းဆိုးတောများကို မရွေးချယ်သင့်ကြောင်း၊ အဆိုပါနေရာများသည် မြေအတန်းအစားကျသည့်အတွက် စိုက်ခင်းကောင်းတစ်ခု ဖြစ်မလာနိုင်ကြောင်းဆွေးနွေးမှာကြားသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ခင်းအတွင်းလှည့်လည်စစ်ဆေး၍ အောင်မြင်သည့် စီးပွားရေးစိုက်ခင်းကောင်းတစ်ခု ဖြစ်လာစေရေးအတွက် စိုက်ခင်းငယ်စဉ်ကတည်းက ဂရုပြုဆောင်ရွက်ရမည့် ပင်ပူးခွာကိုင်းချိုင်လုပ်ငန်းနှင့် ပုံသဏ္ဍာန်မမှန်သည့်အပင်များအား ငုတ်တက်ချွန်ခြင်းလုပ်ငန်းကို လက်တွေ့ရှင်းလင်းပြသ၍ လိုအပ်သည့်ပြုစုပျိုးထောင်မှုနည်းစနစ်များကို  ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိုင်းဖြတ်မြို့နယ်၊ နမ့်လုံတောင်ကြိုးပြင်ကာကွယ်တော  အကွက်အမှတ် (၁၉) အတွင်း ပုဂ္ဂလိကလုပ်ငန်းရှင် ဦးတင်မြင့်၏ ပုဂ္ဂလိကစီးပွားရေး(ကျွန်း) စိုက်ခင်း (၅၀၀) ဧကအားကြည့်ရှုစစ်ဆေးသည်။ အဆိုပါ စိုက်ခင်းသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ (၃)နှစ် စိုက်ပျိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးသည် စိုက်ခင်းအတွင်း လှည့်လည်စစ်ဆေး၍စိုက်ခင်း လိုအပ်ချက်များအပေါ် ဆောင်ရွက်ရမည့်နည်းလမ်းတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိုင်းဖြတ်မြို့နယ်၊ သစ်တောဦးစီးဌာန၏ သစ်တောပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက ပျိုးဥယျာဉ်လုပ်ငန်းများကို အချိန်ဇယားကိုက်ညီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျန်းမာသန်စွမ်းသည့်   ပျိုးပင်များ ထုတ်လုပ်နိုင်မှသာ စိုက်ခင်းကောင်းတစ်ခု  တည်ထောင်နိုင်မှာဖြစ်ပါကြောင်း၊  လူထုဖြန့် ပျိုးပင်များကိုလည်း ဒေသနှင့်ကိုက်ညီသည့် ပျိုးပင်များ ပျိုးထောင်၍ စနစ်တကျဖြန့်ဝေ ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ စိုက်ကွင်းတွင်  စိုက်ပျိုးချိန်နှင့် ပျိုးပင်သယ်ယူချိန်တွင် ခံနိုင်ရည်ရှိအောင် ပျိုးပင်များကို  ပြုစုထားရှိရန်  လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ မေဖလားဝါးသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်သို့ ရောက်ရှိရာ ကုမ္ပဏီ၏ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ကုမ္ပဏီ၏ ဓာတ်ခွဲစမ်းသပ်ခန်းအားလည်းကောင်း၊ လုပ်ကွက်အတွင်း စမ်းသပ်လိုဏ်ခေါင်း တူးဖော်ခြင်းလုပ်ငန်းအားလည်ကောင်း၊ ရွှေသတ္တုသန့်စင် ထုတ်လုပ်ရန် တည်ဆောက်လျက်ရှိသည့် စက်ရုံအားလည်းကောင်း၊ ဟွေလေလုံချောင်းတွင်း စွန့်ပစ်မြေစာများ ကျဆင်းမမှုမရှိစေရန် ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ထားရှိမှု အခြေအနေများအားလည်းကောင်း  စစ်ဆေးကြည့်ရှုခဲ့ပြီး  စွန့်ပစ်မြေစာများအား ချောင်းအတွင်း မကျရောက်စေရေး စနစ်တကျစွန့်ပစ်ရန်နှင့် စွန့်ပစ်မြေစာပုံ ဘောင်များတွင် ဗက်တီဗာမြက်များအား စနစ်တကျ စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့တွင် မဂ္ဂနီဒိုင်အောက်ဆိုဒ်များအား တင်ပို့ရောင်းချရန် ယာယီထားရှိသည့် စုပုံကွင်းသို့ရောက်ရှိပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက ပြည်ပသို့ တင်ပို့ရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်စက်မှုဇုန်အတွင်း မေဖလားဝါးသတ္တု တူးဖော်ရေးကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသည့် ရွှေထုတ်လုပ်သော Activated Carbon Processing Plant သို့ ရောက်ရှိခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ တင်သွင်းလျက်ရှိသည့် ကာဗွန်များအစား မြန်မာနိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၈ ရက်နေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ တင်မြင့်ရီ ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံအား ကြည့်ရှုစစ်ဆေးပါသည်။ စက်ရုံအစည်းအဝေးခန်းမ၌ တင်မြင့်ရီကုမ္ပဏီက မြန်မာ့သစ်လုပ်ငန်းမှ ဝယ်ယူထားသည့် ကျွန်းသစ်လုံးများမှ သစ်ခွဲသား ထွက်ရှိမှု၊ ခွဲစိတ်ထွက်ရှိသည့် ပြည်ပရောင်းတန်းဝင် သစ်ခွဲသားများအား မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားဂိတ်မှ နယ်စပ်ဖြတ်ကျော်တင်ပို့ရန် စီစဉ်ဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာ တာဝန်ခံများမှ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြား ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲသည် တင်မြင့်ရီကုမ္ပဏီ သစ်အချောထည် စက်ရုံအနီးရှိ ရှမ်းပလောင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ/သားများနှင့် ရင်သွေးငယ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ရှမ်းပလောင်ကျေးရွာအား တင်မြင့်ရီကုမ္ပဏီက လွန်ခဲ့သည့် ၈နှစ်ခန့်ကတည်းက ကူညီထောက်ပံ့ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ ဝန်ထမ်းများအား တွေ့ဆုံခဲ့ကြောင်းသိရသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသဖြစ်သည့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် လုံခြုံရေးအထူး သတိပြုဆောင်ရွက်ရန်၊ ဝန်ထမ်းများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြရန်၊ မူးယစ်ဆေးဝါး ကိစ္စများတွင် မိမိသာမက မိမိ၏မိသားစုများပါ ပါဝင်ပတ်သက်မှုမရှိအောင် နေထိုင်ကြရန်၊ လုပ်ငန်းတာဝန်များကို အဂတိတရားလေးပါး ကင်းရှင်းစွာဖြင့် သယ်ပိုးဆောင်ရွက်ကြရန်၊ လုပ်ငန်းများကို တိတိကျကျတာဝန်ပေးအပ်ရန်နှင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ဆက်စပ်ဌာနများနှင့်လည်း ပွင့်လင်းမြင်သာစွာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်၊ ပြည်သူနှင့် ဆက်ဆံရာတွင်လည်း ချိုသာစွာပြောဆိုဆက်ဆံရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရုံးအဆောက်အဦ တည်ဆောက်နေမှု၊ ဝန်ထမ်းအိမ်ရာဝင်းများအား ကြည့်ရှုစစ်ဆေး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် မြေနေရာတို့ကို ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။