ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းအား ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (United Nations Development Programme- UNDP) ၏ Resident Representative ဖြစ်သူ Mr. Peter Batchelor လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၅-၅-၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (United Nations Development Programme - UNDP) ၏ Resident Representative ဖြစ်သူ Mr. Peter Batchelor နှင့်အဖွဲ့အား ယနေ့ ၁၅-၅-၂၀၁၉ ရက်နေ့၊ (၁၄:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်းတို့ တက်ရောက်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် "Air Pollution" ​ခေါင်းစဉ်ဖြင့် အထိမ်းအမှတ်အခမ်းအနား၊ စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပရေးဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများနှင့် အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contribution - NDC) ကို သစ်တောကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍတို့တွင် အကောင်အထည်ဖော်မှု၊ NDC အား (၅) နှစ် တစ်ကြိမ် သုံးသပ်ခြင်းအတွက် UN Environment နှင့် ပူးပေါင်း၍ အစီရင်ခံစာပြုစုမှုနှင့် UNDP မှ ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ NDC အရ သစ်တောကဏ္ဍတွင် အမြဲတမ်းသစ်တောနယ်မြေနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေတို့ကို လျာထားချက်အတိုင်း ပြည့်မီစွာတည်ထောင် နိုင်ရေးအတွက် အမြဲတမ်းသစ်တောနယ်မြေဖွဲ့စည်းခြင်းနှင့် သစ်တောကြေးတိုင်လုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများတွင် ဖွဲ့စည်းဆောင်ရွက်မှုနှင့် မြေယာဆိုင်ရာဆက်နွယ်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအမံများ၊ မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် ထိခိုက်နိုင်ခြေများ စီမံဖြေရှင်းရေးအတွက် သောက်သုံးရေရရှိရေး၊ ရာသီဥတုဒဏ်ခံနိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးတွက် နည်းပညာထောက်ပံ့ရေး၊ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက် ဖြန့်ဝေပေးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် ယင်းအတွေ့အကြုံများအား အခြေခံ၍ ဆက်လက်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ၊ မိုးခေါင်ရေရှား၍ သောက်သုံးရေရှားပါးသည့် အပူပိုင်းဇုန်ဒေသအတွက် ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် Environment Sector Coordination Group အစည်းအဝေး ခေါ်ယူဆောင်ရွက်မည့် အစီအစဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စွမ်းဆောင်ရည်လိုအပ်ချက် ဖြည့်ဆည်းပေးရန်အတွက် ကာလရှည်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊  ရခိုင်ဒေသရှိ ပြည်သူတို့၏ လူနေမှုဘဝ အတွက်အရေးပါပြီး သဘာဝဘေးအန္တရာယ်မှ အကာအကွယ်ပေးနိုင်သည့် ဒီရေတောပြန်လည် တည်ထောင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။