နိုင်ငံအဆင့် သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း စမ်းသပ်လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၁၃

သစ်တောဦးစီးဌာနနှင့် UNREDD အစီအစဉ်၊ FAOအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံအဆင့်သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း စမ်းသပ်လုပ်ငန်းများအပေါ် ပြန်လည် သုံးသပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းရှိ သစ်တောသုတေသနဌာန၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောကဏ္ဍ၌ နိုင်ငံအဆင့် သစ်တောသယံဇာတစာရင်းကောက် ယူခြင်းအတွက် လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းသည် အရေးကြီးသော လုပ်ငန်းဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံအဆင့် သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းနည်းစနစ်များ (NFI methodology) အပေါ်ဆွေးနွေး အကြံပြုချက်များရယူသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါကြောင်း။

အဆိုပါ ဆွေးနွေးပွဲကရရှိခဲ့သော အကြံပြုချက်များနှင့် နိုင်ငံအဆင့် သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း ပုံစံအသစ်ကို အသုံးပြု၍ လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှုများကို ၂၀၁၉ ခုနှစ်၊ မတ်လမှဧပြီလအတွင်း ဆန်းစစ်လုပ်ဆောင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ခု ၏ ခရိုင် ၆ ခရိုင်တွင် အမြဲတမ်းနမူနာကွက် ၂၄ ကွက် နှင့် ယာယီနမူနာကွက် ၁၀၈ကွက်၊ စုစုပေါင်း ၁၃၂ကွက်ကို စမ်းသပ်စာရင်းကောက်ယူခဲ့ပြီး လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်တွင်ပါဝင် ဆောင်ရွက်ကြသော ကွင်းဆင်းအဖွဲ့ ခေါင်းဆောင်များနှင့် လက်ထောက်ကွင်းဆင်း အဖွဲ့ခေါင်းဆောင်များက လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းမှရရှိသော အတွေ့အကြုံများ၊ အခက်အခဲများနှင့် တွေ့ရှိချက်များမှအားနည်းချက်၊ အားသာချက်များကို ဝိုင်းဝန်းဆွေးနွေး ရန် ကျင်းပခြင်းဖြစ်ကြောင်း။

ဆက်လက်ဆောင်ရွက်မည့် နိုင်ငံအဆင့် သစ်တောသယံဇာတစာရင်း ကောက်ယူခြင်းကို အကောင်အထည်ဖော်သည့်အခါ အပြည့်အဝအောင်မြင်မှုရရှိနိုင်ရန်နှင့် သစ်တောစီမံအုပ်ချုပ်မှုအတွက် တိကျခိုင်မာသည့် ကိန်းဂဏန်းအချက်အလက်များ ရရှိရေး၊ ခေတ်စနစ်အလိုက် ဖွံ့ဖြိုးတိုးတက်လာသောနည်းပညာများ အသုံးပြုခြင်း၌ ပိုမိုဖွံ့ဖြိုတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုအားကောင်းလာစေရေးတို့အတွက် အဆိုပါအလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းအား ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများက သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းလုပ်ငန်း လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)