ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းအား ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမြင့်သူ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀-၈-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမြင့်သူအား ယနေ့ ၂၀-၈-၂၀၁၉ရက်နေ့၊ (၁၁:၀၀)နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်  တို့တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အပါအဝင် ဂျပန်နိုင်ငံရှိ သတ္တု၊ ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများ၊ အမျိုးသားပြတိုက်၊ တက္ကသိုလ်၊ ရုက္ခဗေဒဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်များ၊ ဂျပန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းစီမံကိန်း၊ သုတေသနလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၊ တိုးတက်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းများ၊ နှစ်နိုင်ငံဝန်ကြီးဌာန အကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လေထုအရည်အသွေးစောင့်ကြည့်ရေး၊ ကာဗွန်လျှော့ချရေး လုပ်ငန်းစဉ်ဆိုင်ရာ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသည့်လုပ်ငန်းများ၊ ဂျပန်နိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်များနှင့် တိရစ္ဆာန်လဲလှယ် ရေးအစီအစဉ် ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်များ စေလွှတ်တက်ရောက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။