ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း အား Department for International Development (DFID) ၏ Business Innovation Facility (BIF) မှ Team Leader ဖြစ်သူ Mr. Sebastien Moineau နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၇-၈-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Department for International Development (DFID) ၏ Business Innovation Facility(BIF) မှ Team Leader ဖြစ်သူ Mr. Sebastien Moineau နှင့်အဖွဲ့အား ၂၇-၈-၂၀၁၉ ရက်နေ့၊ (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် Business Innovation Facility(BIF) အနေနှင့် Department for International Development (DFID) ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစီမံကိန်းများ၊ Myanmar’s Green Gold  အဖြစ် တင်စားခေါ်ဝေါ်နိုင်သည့် ဝါးကိုဒေသခံများမှ စိုက်ပျိုးထုတ်လုပ်ရောင်းချ၍ ဝင်ငွေတိုးတက် ရှာဖွေနိုင်ရေးအတွက် သင်တန်းပေးခြင်း၊ အစုအဖွဲ့ပိုင်ဝါးတောများ တည်ထောင်နိုင်ရေး၊ အဆင့်မြင့်ဝါးထွက်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် နည်းပညာ၊ ရန်ပုံငွေ ပံ့ပိုးဆောင်ရွက်ပေးမှုအခြေအနေများ၊ စီမံကိန်းဆောင်ရွက်ခဲ့သည့် လားရှိုး၊ တောင်ကြီး၊ ပဲခူး၊ လိပ်သို၊ ထားဝယ်နှင့် မြိတ်ဒေသတို့မှ လုပ်ငန်းအတွေ့အကြုံနှင့် နည်းပညာများ မျှဝေနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ နေပြည်တော်၌ ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်စဉ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် World Bamboo Day ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။