ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၇) ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၈

ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၇) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် သစ်တောသုတေသနဌာန၊ ရေဆင်းတွင်ကျင်းပသည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာ့သစ်တောစီမံအုပ်ချုပ်မှု၏ Forest Management Unit ဖြစ်သော လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်တာဝန်ခံများအနေဖြင့် လက်ရှိအကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်းဆိုင်ရာလုပ်ငန်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်ပိုပြီး မြင့်မားလာရန်၊ စိတ်ဓါတ်နှင့် ခံယူချက်များ တိုးတက်မြင့်မားစေရန်၊ အုပ်ချုပ်မှုစွမ်းရည်ကောင်းမွန်ပြီး စိတ်ဓါတ်မြင့်မားစွာထားရှိတတ်စေရန်၊ စီမံခန့်ခွဲမှုနှင့် သစ်တောလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်ရှိနိုင်ငံရေး၊စီးပွားရေး၊ အုပ်ချုပ်ရေးစနစ်များနှင့်အညီ ပြောင်းလဲကျင့်သုံးရမည့် သစ်တောကဏ္ဍဆိုင်ရာအခြေအနေကို ပိုမိုသိရှိနားလည်စေပြီး လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားစေရန်တို့ လိုအပ်ပါကြောင်း။

ဝန်ထမ်းကောင်းတစ်ယောက်၏ လိုအပ်ချက်များဖြစ်သည့် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများ၊ ပြဌာန်းချက်များကိုကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းနားလည်ရန်၊ ချမှတ်ထားသည့် မူဝါဒနှင့်အညီ ပီပြင်စွာစည်းရုံးဦးဆောင်ကွပ်ကဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှု သွက်လက်ထက်မြက် တိကျမှန်ကန်စေရန်နှင့် ပြည့်စုံပြီး စနစ်တကျ စီစဉ်ကွပ်ကဲဆောင်ရွက်နိုင်စေရန် သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။

သင်တန်းစည်းကမ်းများကို အလေးထားလိုက်နာနေထိုင်ကြရရန်၊ သင်တန်းသားတစ်ဦးချင်းစီ၏ စွမ်းဆောင်မှုများအဖြစ် မှတ်တမ်းတင်ထားရှိမည် ဖြစ်သည့်အတွက် သင်ကြားမှုတိုင်းကို သေချာစွာလေ့လာမှတ်သားကြရန်လိုကြောင်း၊ မိမိတို့၏ ဌာနအကျိုး၊ နိုင်ငံအကျိုးကို စွမ်းဆောင်ရည် မြင့်မားစွာနှင့် အောင်မြင်မှုရရှိ အောင်သယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာအောင်ကြိုးစား လေ့ကျင့်သင်ယူသွားကြရန် ပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆရာများ၊ သင်တန်းသားများနှင့် သစ်တောသုတေသနဌာနမှ အရာထမ်းများ တက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာ(၂၉) ရက်အထိ (၂) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချမည် ဖြစ်ကြောင်းသိရသည်။ (သတင်းစဉ်)