တရားမဝင်သယ်ဆောင်လာသော ကျွန်းသစ်များ ရထားပေါ်၌ ဖမ်းဆီးရမိကြောင်း သတင်းရရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားဘူတာ၌ ရပ်နားထားသော လော်ကယ်ရထားပေါ်တွင် တရားမဝင်သယ်ဆောင်လာသော ကျွန်းသစ်များအား ဧပြီလ ၁၆ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဆတ်သွားဘူတာတွင် ရပ်နားထားသည့် အမှတ် (၁၀၃) အဆန်၊ ပျဉ်းမနား  - တောင်တွင်းကြီး - ကျောက်ပန်းတောင်း လော်ကယ်ရထားပေါ်၌ သစ်များ တရားမဝင်သယ်ဆောင်လာကြောင်း သတင်းအရ မြို့နယ် သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ်းနှင့် သစ်တောဝန်ထမ်းများ၊ ဆတ်သွားနယ်မြေ ရဲစခန်းမှူး ရဲအုပ်မိုးမြင့်နှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါရထား တွဲအမှတ် FBW – 16534 ပေါ်၌ တရားမဝင်သယ်ဆောင်လာသော ကျွန်းသစ် ဓါးရွှေတုံးဆိုဒ်စုံ ၄၃ တုံး၊ (၁.၈၇ တန်) နှင့် ကျွန်းသစ်ခွဲသား ၇၅ ချောင်း (၀.၃၂၆ တန်)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၅၅၀၀၀၀ ခန့်ကို ပိုင်ရှင်မဲ့ ရှာဖွေတွေ့ရှိခဲ့ပြီး သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် ပိုင်ရှင်မဲ့ကျွန်းသစ်များကို ဆတ်သွားနယ်မြေ ရဲစခန်း၌ ခေတ္တသိမ်းဆည်းထားပြီး သစ်တောဥပဒေဖြင့် အရေးယူနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနက ဆက်လက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။