သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား APFNet မှ ဥက္ကဌဖြစ်သူ Mr. Zhao Shucong နှင့်အဖွဲ့လာရောက်တွေ့ဆုံ ဆွေးနွေးသည့်သတင်း

(နေပြည်တော်၊ ၂၈-၃-၂၀၁၇)

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ သစ်တောများ ထာဝစဉ်တည်တံ့ရေး အုပ်ချုပ်လုပ်ကိုင်မှုနှင့် ပြန်လည်ထူထောင်ရေးကွန်ရက်အဖွဲ့ (Asia-Pacific Forestry Network for Sustainable Forest Mangement and Rehabilitation - APFNet) မှ ဥက္ကဌဖြစ်သူ Mr. Zhao Shucongနှင့်အဖွဲ့သည် ယနေ့ ၂၈-၃-၂၀၁၇ ရက်နေ့၊နံနက် (၀၉:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးပွဲသို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          တွေ့ဆုံဆွေးနွေးပွဲတွင် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက် APFNet၏ ဆောင်ရွက်မှုများ၊ ဒေသတွင်းလုပ်ငန်းစီမံကိန်းတွင် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေနှင့် အောင်မြင်မှုများ၊ ဆက်လက် ဆောင်ရွက်မည့် ပေါင်းလောင်းရေဝေရေလဲဒေသ သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းစီမံကိန်းနှင့် စီမံကိန်း၏ အရေးပါမှုများ၊ မဟာမဲခေါင်ဒေသခွဲအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၌ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေး တို့အတွက် ဘွဲ့၊ ဒီပလိုမာသင်တန်းသားများစေလွှတ်ရေး၊ သုတေသီများ အပြန်အလှန်ဖလှယ်ရေးနှင့် အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်းများ တက်ရောက်နိုင်ရေးတို့အတွက် ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။