ဇီဝအရင်းအမြစ်များ စီမံခန့်ခွဲမှု ပူးပေါင်းရေးဆိုင်ရာ ကိုရီးယား-မြန်မာ ဒုတိယဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပသည့်သတင်း

နေပြည်တော် ဇွန် ၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ အမျိုးသားဇီဝအရင်းအမြစ်များ သိပ္ပံဌာန (National Institute of Biological Resources-NIBR) တို့ပူးပေါင်း၍ မြန်မာ-ကိုရီးယား တတိယအကြိမ်မြောက် ဇီဝအရင်းအမြစ်များ စီမံခန့်ခွဲမှု ပူးပေါင်းရေးဆိုင်ရာ ဒုတိယဝန်ကြီးအဆင့် ဆွေးနွေးပွဲကို (၆-၆-၂၀၁၈)ရက်နေ့၊ နံနက် (၉:၃၀)နာရီ အချိန်၌ Grand Amara Hotel၊ နေပြည်တော်၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တွင် သုတေသနစခန်းတစ်ခု တည်ထောင်နိုင်ရေးနှင့် အသုံးဝင် ဇီဝအရင်းအမြစ်များ သုတေသနပူးပေါင်းဆောင်ရွက်နိုင်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုင်းခြင်း၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား အသုံးဝင်ဇီဝ အရင်းအမြစ်များ၊ သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ ဆွေးနွေးခဲ့ပါသည်။

NIBR သည် မြန်မာနိုင်ငံ၏ အပင်မျိုးစိတ်များအား အသုံးပြုနိုင်သည့်ဆေးဝါး အာနိသင်ပါရှိမှုကို လေ့လာ၍ အလှကုန်၊ ဆေးဝါးနှင့် လူအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ဇီဝအရင်းအမြစ်များ အသုံးပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒုတိယဝန်ကြီးအဆင့် အစည်းအဝေး များကို နေပြည်တော်နှင့် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တို့၌ နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ဇီဝအရင်းအမြစ်များ အသုံးပြုရေးအား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် မူအားဖြင့် သဘောတူထားခဲ့ပြီးဖြစ်သည်။

ယခုဆွေးနွေးပွဲသည် မြန်မာနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဇီဝအရင်းအမြစ်များ အသုံးပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံ ဒုတိယဝန်ကြီးအဆင့် ဆွေးနွေးခြင်း ဖြစ်သည်။

သစ်တောဦးစီးဌာနနှင့် ဇီဝအရင်းအမြစ်များ သိပ္ပံဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော သုတေသနရလဒ်တစ်ခု အဖြစ် ရေးသားထုတ်ဝေထားသည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မှတ်တမ်းစာအုပ် Seed Plants of Natma Taung National Park, Myanmar (2018) အားတရားဝင် ဖြန့်ဝေနိုင်ခဲ့သည်။

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက အမှာစကားပြောကြားပြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ကိုရီးယားသမ္မတနိုင်ငံမှ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Dr.Ahn,Byung-ok ဦးဆောင်၍ NIBR ၏ ယာယီဥက္ကဌ ဆိုးလ်တက္ကသိုလ် ပါမောက္ခနှင့် အကြီးတန်းသုတေသီများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။