World Wide Fund for Nature-WWF မှ Country Director ဦးဆောင်သော အဖွဲ့သည် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၂၅-၆-၂၀၁၈

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား World Wide Fund for Nature-WWF မှ Country Director ဖြစ်သူ Dr. A.Christy Williams ဦးဆောင်သောအဖွဲ့မှ ယနေ့ ၂၅-၆-၂၀၁၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။

          ဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်နှင့် မြန်မာ့သစ်လုပ်ငန်းဒုတိယအထွေထွေမန်နေဂျာ ဦးစိုးနိုင်တို့ တက်ရောက်ကြသည်။

          ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင်  WWF မှ ဆောင်ရွက်လျက်ရှိသော တောရိုင်း တိရစ္ဆာန်စာရင်း ကောက်ယူခြင်း၊ တောဆင်များရေဒီယိုကော်လာတပ်ဆင်ခြင်းလုပ်ငန်း၊ အမဲလိုက်မှုတိုက်ဖျက်ခြင်း ဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့် ပစ္စည်းကိရိယာ ထောက်ပံ့ပေးမှုများ၊ လမ်းညွှန်ချက်အရ Myanmar Wildlife College သင်တန်းကျောင်း တည်ထောင်ရန် ဆောင်ရွက်မှုများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအသစ်ပြဌာန်းနိုင်မှုနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ လမ်းဖောက်လုပ်ခြင်းအတွက် ပတ်ဝန်းကျင် မထိခိုက်စေရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ Wildlife Tourism လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် လန်ဒန်၌ ကျင်းပမည့် Illegal  Wildlife Trade Conference သို့ မြန်မာနိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ငန်းများ တင်ပြနိုင်ရေး စီစဉ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)