ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တန်းဖိုးမြှင့်ထုတ်ကုန်တင်ပို့ရောင်းချနိုင်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇူလိုင် ၈

 

►      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ဇူလိုင် ၇ ရက်နေ့တွင် ဌာနတာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ အိသဉ္ဇာအောင် ကျောက်မျက်အချောထည်စက်ရုံသို့ရောက်ရှိရာ ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသက်မောင်မြင့်က ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံအတွင်း ကျောက်စိမ်းအသား ကျောက်အား တန်ဖိုးမြှင့်ထုတ်ကုန် ကျောက်စိမ်းလက်ကောက် ထုတ်လုပ်နေမှု အခြေအနေကို ကြည့်ရှု အားပေး၍ လိုအပ်သည်များ ဆွေးနွေးမှာကြားပါသည်။ အဆိုပါ ကုမ္ပဏီသည် ကျောက်စိမ်းအသားကျောက် အဆင့် C နှင့် D တို့ကိုဝယ်ယူ၍  တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ကျောက်စိမ်းလက်ကောက်များ ထုတ်လုပ် ကာ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

►      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ မော်တော်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာ၍ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်းသို့ ရောက်ရှိပြီး ကျွန်းရတနာခန်းမ၌ ဆရာများနှင့် သင်တန်းသားများအားတွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းမှစ၍ သင်တန်းကာလကို ၂ နှစ် တိုးမြှင့် သတ်မှတ်၍ သင်ကြားပို့ချလျက်ရှိသည့်အတွက် စာတွေ့သာမက တောတွင်းလက်တွေ့ လုပ်ငန်းများကိုပါ ပိုင်ပိုင်နိုင်နိုင်လေ့လာ ဆည်းပူးကြရန် လိုအပ် ကြောင်း၊ သင်တန်သားများအား စိတ်ဓါတ်၊ စည်းကမ်း၊ ဇွဲလုံလ ပြည့်ဝသူများဖြစ်အောင် ပို့ချသင်ကြားမှာ ဖြစ်သည့်အတွက် သင်ခန်းစာပို့ချမှုတိုင်းကို မိမိရရ လေ့လာသင်ယူကြရန်လိုအပ်ကြောင်း၊ သင်တန်းသား များသည် ယခုအချိန်တွင် နောက်လိုက်ကောင်းများဖြစ်အောင် ကြိုးစားသင်ယူခြင်းဖြင့် နောင်တစ်ချိန်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာကြမှာဖြစ်ကြောင်း၊ သင်ခန်းစာများ ထိထိမိမိ လေ့လာသင်ယူနိုင်ရေး အတွက် ကျန်းမာရေးအထူးဂရုပြုရန် လိုအပ်ကြောင်း၊ သင်တန်းသားများသည် ပြည်သူလူထုနှင့် နီးကပ်စွာ ဆက်ဆံ၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်သူများ ဖြစ်သည့်အတွက်  ချိုသာစွာ ပြောဆို ဆက်ဆံတတ်စေရေးအတွက် ပေါင်းသင်းဆက်ဆံရေး နည်းပညာများကို အထူးအလေးထား ပို့ချရန်တို့ကို လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ သင်ကြားပို့ချမှုနှင့် လေ့လာသင်ယူနိုင်မှု စွမ်းရည်အတွက် သင်တန်း သားတစ်ဦးချင်းအား ဆွေးနွေးမေးမြန်းကာ ဖြည့်စွက် ဆွေးနွေးမှာကြားသည်။ ၎င်းနောက် ပြည်ထောင်စု ဝန်ကြီးသည် သင်တန်းဆရာများအား သီးခြားတွေ့ဆုံ၍ သင်ကြားပို့ချလျက်ရှိသည့် ဘာသာရပ်တစ်ခုချင်း အလိုက် ပို့ချမှုပုံစံများ၊ သင်ကြားမှုနည်းစနစ်များအား မေးမြန်းကာ လိုအပ်ချက်များအပေါ် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

►      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံသစ်တောကျောင်း၊ သင်တန်းသားများ လက်တွေ့ လုပ်ငန်းကွင်းဆင်းဆောင်ရွက်သည့် လေ့ကျင့်ရေးသစ်တောအား ကြည့်ရှုစစ်ဆေး၍ မြေနေရာလပ်များတွင် ဝါးအမျိုးမျိုးစိုက်ပျိုးရန်နှင့် ကျေးလက်ဒေသများ၌ ဝါးစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း ဝင်ငွေတိုးနိုင် သည့်အတွက် ဝါးစိုက်ပျိုးမှု နည်းစနစ်၊ ပြုစု၊ ထိန်းသိမ်း၊ ထုတ်ယူသုံးစွဲမှုတို့ကို ဒေသခံပြည်သူများအား ဆင့်ပွားပညာပေးနိုင်ရေး သင်တန်းသားများအား စနစ်တကျ သင်ကြားပို့ချပေးရန် မှာကြားသည်။ ဆက်လက်၍ လေ့ကျင့်ရေးသစ်တောအတွင်း သဘာဝတောနှင့် ကော်ဖီပင်များ တွဲဖက်စိုက်ပျိုး ထားရှိမှုနှင့် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနက စမ်းသပ်စိုက်ပျိုးထားရှိသည့် ကော်ဖီစမ်းသပ် စိုက်ခင်းအား ကြည့်ရှု့ စစ်ဆေး၍ လိုအပ်သည်များဆွေးနွေးမှာကြားသည်။

►      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့မှ ပြန်လည်ထွက်ခွာ၍ စဉ့်ကိုင်မြို့နယ်၊ မြန်မာ့ သစ်လုပ်ငန်း ပုလိပ်သစ်ဆိပ်မြေနေရာ၌ ဖမ်းဆီးရမိပုံစံ(၈) သစ်များစုပုံထားရှိမှုနှင့် လေလံတင်ရောင်းချ နိုင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ ဖမ်းဆီးရမိသစ်များအား စနစ်တကျစုပုံထားရှိရန်၊ နိုင်ငံတော် အတွက် ဝင်ငွေပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားသည်။

►      ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆက်လက်ထွက်ခွာ၍ မိတ္တီလာခရိုင်၊ မလှိုင်မြို့နယ်၊ မယ်ညို တောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၅)၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက စိုက်ပျိုး တည်ထောင်ထားရှိသည့် ၂၀၁၇ ခုနှစ်၊ ကျေးရွာသုံး စိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။ စိုက်ခင်းယာယီ ရှင်းလင်းဆောင်တွင် စိုက်ခင်းတာဝန်ခံ ဦးစီးအရာရှိ ဦးမောင်မောင်နိုင်က စိုက်ခင်းရှင်သန်အောင်မြင်မှု အခြေအနေ၊ မိုးရွာသွန်းမှုအခြေအနေနှင့် စိုက်ခင်းပြုစု ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးသည့် နေရာဒေသ၊ ရာသီဥတုနှင့် မိုးရေချိန်ရရှိမှု တို့အပေါ် မူတည်၍ စိုက်ခင်းစိုက်ပျိုးမှု နည်းစနစ်များအား မှန်ကန်စွာရွေးချယ်ရန် လိုအပ်ကြောင်း၊ စိုက်ခင်းအတွင်း ကျန်းမာသန်စွမ်းသည့် ပျိုးပင်များဖြင့် စိုက်ပင် အပြည့်အဝရှိအောင် စိုက်ပျိုးရန် လိုအပ် ကြောင်း၊ သေပင်များကိုလည်း စစ်ဆေး၍ မိုးရွာသွန်းချိန်မီ အချိန်နှင့် တစ်ပြေးညီ ဖြည့်စွက်စိုက်ပျိုး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)