ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၁၁-၂၀၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၁၁.၇.၂၀၁၈)ရက်နေ့ နံနက်(၈:၃၀)နာရီ၌ နေပြည်တော် Grand Amara Hotel တွင် ကျင်းပသည့် (၁၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မြေယာအသုံးချမှု၊ မြေယာအသုံးချမှုပြောင်းလဲမှုနှင့် နိုင်ငံအခြေအနေနှင့် သင့်လျော်သည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ရာသီဥတုပြောင်းလဲမှုသည် တစ်ကမ္ဘာလုံးရှိ လူသားအားလုံးကို ကြီးမားစွာခြိမ်းခြောက် လျက်ကြောင်း၊ အာရှနှင့် အာရှပစိဖိတ်ဒေသရှိ အာဆီယံအဖွဲ့ဝင်များတည်ရှိရာ ဒေသကြီးသည်လည်း ရာသီဥတု၏ ပြောင်းလဲမှုဒဏ်ကို အများဆုံးခံစားရသော ဒေသတစ်ခုဖြစ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲခြင်းကြောင့် သဘာ၀ ဘေးအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင် ကမ္ဘာ့လူဦးရေ၏ ၈.၆ ရာခိုင်နှုန်းခန့်နေထိုင်လျက်ရှိပြီး၊ ကမ္ဘာ့သစ်တောများ၏ ၅.၃ ရာခိုင်နှုန်းပိုင်ဆိုင်ပေမယ့် နိုင်ငံအများစုမှာ သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား လျော့ကျခြင်းကို သိသာထင်ရှားသည့် ပြဿနာအဖြစ် ရင်ဆိုင်ကြုံတွေ့နေရ ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံအခြေအနေနှင့် သင့်လျော်သည့် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျော့ချရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ စာတမ်းဖတ်ပွဲမှ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ မြေယာအသုံးချမှု၊ မြေယာအသုံးချမှုပြောင်းလဲမှုနှင့် နိုင်ငံအခြေအနေနှင့် သင့်လျော်သည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဆိုင်ရာ သဘောတရားများ၊ အဓိကကျသည့် သတင်းအချက် အလက်များနှင့် ပြဿနာများ၊ အခွင့်အလမ်းများနှင့် အတွေ့အကြုံ ဗဟုသုတများကို ဝေမျှနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အာဆီယံနိုင်ငံများမှ သစ်တောကဏ္ဍ ဆိုင်ရာ အဆင့်မြင့်အရာရှိများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။