ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ဇူလိုင် ၁၈

အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၈-၇-၂၀၁၈ နေ့၊ နံနက် ၉ နာရီက သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှု ကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်အသုံးချနိုင် ရေးအတွက် လိုအပ်နေသော အမျိုးသားမြေအသုံးချမှု မူဝါဒ ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ၌ ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန် မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက် ရေးနှင့် မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အမျိုးသားမြေ အသုံးချမှုဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော် ကောင်စီ)တို့၏ မြေအသုံးချမှုကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊ အမျိုးသား မြေအသုံးချမှု မူဝါဒနှင့်အညီ အမျိုးသားမြေဥပဒေရေးဆွဲရန် ဆောင်ရွက်ခြင်း၊ အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်း တာဝန်များကို အထောက်အကူပြုနိုင်ရန် လိုအပ်သည့် လုပ်ငန်း ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်း အပါအဝင် လုပ်ငန်းတာဝန် ၁ဝ ရပ် ရှိပါကြောင်း။

ယခုအစည်းအဝေးတွင် ပထမအကြိမ် အမျိုးသား မြေအသုံးချမှုကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အမျိုးသားမြေအသုံးချ မှုကောင်စီ တွဲဖက်အတွင်းရေးမှူးဖြစ်သည့် အမြဲတမ်းအတွင်းဝန် (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန)မှ ရှင်းလင်းတင်ပြ မည်ဖြစ်ပြီး ပထမအကြိမ် အစည်း အဝေးဆုံးဖြတ်ချက်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက် ဌာနဆိုင်ရာအကြီးအကဲများက လိုအပ် ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလိုပါကြောင်း၊ အမျိုးသားမြေအသုံးချမှုကောင်စီ၏ အစည်းအဝေးများကို ခြောက်လတစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယအကြိမ် အစည်းအဝေးကို အောက်တိုဘာလတွင် ကျင်းပရန် လျာထား ပါကြောင်း၊ ဒုတိယအကြိမ် အစည်းအဝေး၌ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုများကို ပြန်လည် တင်ပြရမည်ဖြစ်သဖြင့် အဆိုပါအစည်းအဝေးဆုံးဖြတ် ချက်များ အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်များ၊ ဒုတိယòန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြသည်။