ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သင်္ဃန်းကျွန်း အမှတ်(၄) ပရိဘောဂစက်ရုံအား ကြည့်ရှုစစ်ဆေး

နေပြည်တော် သြဂုတ် ၁၂

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း ၂၂ ရပ်ကွက်ရှိ မြန်မာ့သစ်လုပ်ငန်းပိုင် တောင်ဒဂုံ သစ်ဆိပ်သို့ ရောက်ရှိစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်နားခဲ့ပြီး နောက်ပိုင်း သစ်ဆိပ်မြေ နေရာများတွင် Timber Industry Complex များ တည်ထောင်ရန် ဆောင်ရွက်ခြင်းသည် မြန်မာ့သစ် လုပ်ငန်းအနေဖြင့် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊Timber Industry Complex တည်ထောင်ရာတွင် ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာမည်ဖြစ်ရာ သစ်ဆိပ်မြေနေရာ အသုံးပြုခွင့်အတွက် ခိုင်မာတိကျ သော အထောက်အထားများပြင်ဆင် ထားရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံ မှုအတွက် Investment Model များ ကြိုတင်လေ့လာထားရန်နှင့် နိုင်ငံ နှင့် ပြည်သူလူထုအတွက် အကျိုး အရှိဆုံးဖြစ်အောင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး သစ်ဆိပ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ သန်လျင်မြို့နယ် ညောင်သုံးပင် ကျေးရွာ အမှတ် ၁ဝ သစ်စက်လမ်း ပေါ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်အဖြစ် အမှတ်တရ သစ်ပင်စိုက်ပျိုးပေးသည်။ ရုံးသစ် အဆောက်အအုံ၏ ကမ္ပည်းမော်ကွန်း ကို အမွှေးနံ့သာရည်များပက်ဖျန်းပေး ပြီး ရုံးအဆောက်အအုံအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် သင်္ဃန်းကျွန်းမြို့နယ် သံသုမာ လမ်း သုဝဏ္ဏအားကစား ကွင်းအနီး မြန်မာ့သစ်လုပ်ငန်းပိုင် အမှတ် ၄ ပရိဘောဂစက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် စက်ရုံဂိုဒေါင်အတွင်း သိမ်းဆည်းထားသော မြန်မာ့သစ် လုပ်ငန်းမှ ဆင်စွယ် ၂ဝ၂၈ ချောင်း (အလေးချိန် ၇၇၈၄ ကီလိုဂရမ်)သိုလှောင် ထိန်းသိမ်းထားသည့် ဂိုဒေါင်အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ အမှတ် ၄ ပရိဘောဂ စက်ရုံနှင့် နဝလီစနစ်ဖြင့် ပူးပေါင်း ဆောင်ရွက်နေ သောGolden Veneer ကုမ္ပဏီ၏ သစ်ပါးလွှာထုတ်လုပ်နေမှု လုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။ သတင်းစဉ်