ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဆင်စခန်းနှင့် သစ်တောစိုက်ခင်းများကြည့်ရှုစစ်ဆေး

နေပြည်တော်၊ သြဂုတ် ၂၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သြဂုတ် ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပလင်းကမ်းသာယာ ဆင်စခန်းသို့ ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု၊ ဆင်စခန်းသို့ လာရောက်လည်ပတ်သည့် ပြည်သူများအနားယူအပန်းဖြေ လေ့လာနိုင်ရန်အတွက် ဝန်ဆောင်မှုလုပ်ငန်းများစီစဉ်ထားရှိမှု၊ ဆင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ဆင်အစားအစာအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဧည့်သည်လာရောက်လည်ပတ်မှုနှင့် လအလိုက်ဝင်ငွေရရှိမှု၊ အနီးဝန်းကျင်ရှိ ရပ်ရွာလူထုအား အကျိုးပြုနိုင်မှု၊ ဆင်စခန်းအတွင်း အမှိုက်များစနစ်တကျစွန့်ပစ်ရန် စီမံဆောင်ရွက်ထားရှိမှုနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်တို့ကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ဆောင်မှုလုပ်ငန်းများနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာ ဦးသန်းစိုးဦးက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ သစ်ထုတ်ရေးဒေသ ၈ ခု၌ ၂၀၁၈-၁၉ ခုနှစ်၊ ကျွန်းနှင့် သစ်မာထုတ်လုပ်မည့် အစီအစဉ်အပေါ် လက်ရှိပင်ထောင်ရိုက်မှတ်ပြီးစီးမှု၊ ခုတ်လှဲဆောင်ရွက်မှု အခြေအနေ၊ ဆင်နှင့်ယာဉ် ယန္တရားများ စုဖွဲ့ဆောင်ရွက်မှု၊ သစ်ထုတ်လုပ်မှုကြောင့် ကွက်လပ်ဖြစ်နေသည့် နေရာများ၌ သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုး ဆောင်ရွက်မှု အစီအမံ များကို တင်ပြသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့သစ် လုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက စစ်ကိုင်းသစ်ဆိပ်မြေနေရာကိစ္စ၊ ပြင်ဦးလွင် သစ်ထုတ်ရေးဒေသ ၂၀၁၈-၂၀၁၉ ခုနှစ်၊ သစ်မာ ထုတ်လုပ်မည့် အစီအစဉ်အပေါ် လက်ရှိပင်ထောင်ရိုက် မှတ်ပြီးစီးမှု၊ သစ်ဆိပ်အလိုက် သစ်အဝင်/အထွက်နှင့် သစ်ဆိပ်လက်ကျန်စာရင်း၊ မန္တလေးဖောင်ဖွဲ့ရေးဒေသ သစ်ဆိပ်များ စစ်ဆေးဆောင်ရွက်မှု၊ သစ်ထုတ်ရေးဒေသအလိုက် သဘာဝတောတန်ဖိုး မြှင့်စိုက်ပျိုးဆောင်ရွက် ပြီးစီးမှုအခြေအနေတို့ကို တင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းတစ်ခု ချင်းအလိုက်ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်၍ ညောင်ဦးမြို့၊ ခက်လန်းကန်ကျေးရွာအနီး၌ သစ်တော ဦးစီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ သစ်တောလုပ်ငန်းမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIFPRO)တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းရှင်သန်အောင်မြင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ သစ်တောစိုက်ခင်းစီမံကိန်းသည် ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ်ထိ (၃)နှစ်ကြာ ဆောင်ရွက်မည်ဖြစ်ပြီး၊ တစ်နှစ်လျှင် စိုက်ခင်း (၆၀)ဧကနှုန်းဖြင့် (၃)နှစ်အတွင်း (၁၈၀) ဧက စိုက်ပျိုးတည်ထောင်ဆောင်ရွက်ရန်အတွက် ဂျပန်ယန်းငွေ ၉ ဒသမ ၆ သန်းကျော် ကူညီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်သို့ ရောက်ရှိရာ မုံတောင်စခန်းရှင်းလင်းဆောင်တွင် စိုက်ခင်းတာဝန်ခံက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ကျန်းမာသန်စွမ်းပြီး ရာသီဥတုဒဏ်ခံနိုင်သည့် ပျိုးပင်များ ထုတ်လုပ်နိုင်ရေးအတွက် ပျိုးထောင် ဆောင်ရွက်မှု နည်းစနစ်၊ စိုက်ခင်းစိုက်ပျိုးပြုစုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုတို့အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ တန့်ကြည်တောင်ဒေသ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းစီမံကိန်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှာကြားကာ ၂၀၁၈ ခုနှစ်၊ တန့်ကြည်တောင် တောင်တန်းစိုက်ခင်း(၁၅၀)ဧကအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။