ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်များအား ဖြည့်သင်ကြားပို့ချနိုင်ရေး အစပျိုးနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်

နေပြည်တော် သြဂုတ် ၂၈

၂၀၁၈ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့ နံနက် (၈:၃၀) နာရီအချိန်တွင် အမရာဟိုတယ်၊ နေပြည်တော်၌ မြန်မာနိုင်ငံရှိ တက္ကသိုလ် သင်ရိုးညွှန်းတမ်းတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ကို အားဖြည့်သင်ကြားပို့ချနိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့နှင့်အဝှမ်းရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အဆိုးရွားဆုံးခြိမ်းခြောက်လျက်ရှိပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဆိုးရွားစွာခံစားနေရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သော ဆယ်စုနှစ်ခြောက်ခုကျော်မှစ၍ ရာသီဥတုပြောင်းလဲမှုဘေးအန္တရာယ်များကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုများကို ခံစားနေရမှုများရှိခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းနောက်ပိုင်း ပြင်ထန်းသော မိုးလေဝသဖြစ်စဉ်အရေအတွက်များသည် ထူးခြားစွာတိုးပွားလာလျက်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ တက္ကသိုလ် များတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ကို အားဖြည့်သင်ကြားပို့ချနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါသည်။ ဒေသတွင်းအဆင့်တွင် ရာသီဥတုပြောင်းလဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုံလောက်သော လူ့စွမ်းအားအရင်းအမြစ်နှင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ပြည့်ဝစွာရှိရေးသည်လည်း အဓိကရေးကြီးပါကြောင်း သိရှိရပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီမှ ကိုယ်စားလှယ်များ၊ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် တက္ကသိုလ်များဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ (LUCCC) ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်များ၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာအကြီးအကဲများ ကုလသမဂ္ဂပတ်ဝန်းကျင် ဆိုင်ရာအစီအစဉ်မှ ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါသည်။