ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်ပင်စိုက်ပျိုးထိန်းသိမ်းမှု၊ သစ်တောနှင့် သဘာဝဝန်းကျင်ပြတိုက် ခင်ကျင်းပြသမှု အခြေအနေနှင့် ငလိုက်စခန်းသာဆင်စခန်း၏ ဝန်ဆောင်မှုလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် စက်တင်ဘာ ၈ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မိုးရာသီသစ်ပင်ပွဲတော်စိုက်ပျိုးဆောင်ရွက်သည့် စိုက်ခင်းများအား ပြုစု ထိန်းသိမ်းထားရှိမှုနှင့် ရှင်သန်အောင်မြင်မှုအခြေအနေ၊ သစ်တောနှင့် သဘာဝဝန်းကျင် ပြတိုက်၌ ပြည်သူများအား အသိပညာပေးပြသထားရှိမှု၊ ပြည်သူများအပန်းဖြေ နားနေ နိုင်ရန် ဝန်ဆောင်မှု ပေးလျက်ရှိသည့် ငလိုက်စခန်းသာဆင်စခန်း တို့ကို ကြည့်ရှု စစ်ဆေးသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်-ဦးစိန်ထွန်းလင်း၊ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်နှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တာဝန်ရှိသူ များ လိုက်ပါလျက် တပ်ကုန်းမြို့နယ်၊ ဆာဖာရီဥယျာဉ်အတွင်း၌ ၂၀၁၁ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ဖြင့် စိုက်ပျိုးခဲ့သည့် စိုက်ခင်းအားကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စု ဝန်ကြီးက စိုက်ခင်းများ ရှင်သန်အောင်မြင်စေရေး အလေးထားပြုစု ဆောင်ရွက်ရန်၊ စိုက်ပျိုးမည့်နေရာ ပေါ်မူတည်၍ ရှင်သန်အောင်မြင်နိုင်သည့် သစ်မျိုးကိုသာ ရွေးချယ် စိုက်ပျိုး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောနှင့် သဘာဝဝန်းကျင် ပြတိုက်အား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါပြတိုက်ကို ပြည်သူများအား သစ်တောနှင့် သဘာဝဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များ၊ သမိုင်းဝင် ပစ္စည်းများနှင့် သမိုင်းဝင်စာအုပ်စာတမ်းများ၊ ဓါတ်ပုံများအား တစ်နေရာတည်းတွင် လေ့လာနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ပြည်သူလူထုပူးပေါင်းပါဝင်​ဆောင်ရွက်မှုသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သိရှိစေရန်နှင့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် အရေးပါပုံကို ပြည်သူများသိရှိပြီး ပြည်သူများက တတ်စွမ်းသမျှ ပါဝင်ကူညီလာစေရန် ရည်ရွယ်၍ ၂၀၁၆ခုနှစ်မှစတင်၍ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) နှင့် ကပ်လျက် မိုင်တိုင် ၂၅၇/၇ ရှိ ဆာဖာရီဥယျာဉ်ဝင်းအတွင်းဖွင့်လှစ် ပြသလျက်ရှိကြောင်းသိရသည်။ အဆိုပါပြတိုက်တွင် သစ်တောဦးစီးဌာနပြကွက်၊ ဇီဝ မျိုးစုံမျိုးကွဲများပြကွက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပြကွက်၊ မြေတိုင်းဦးစီး ဌာနပြကွက်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနပြကွက်နှင့် မြန်မာ့သစ်လုပ်ငန်း ပြကွက်တို့ ပြသထားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုပ္ပသီရိမြို့နယ်၊ နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း၊ မိုင်တိုင် (၂/၆)မှ (၂/၃) အကြားရှိ  ၂၀၁၇ခုနှစ်နှင့် ၂၀၁၈ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်စိုက်ပျိုးဆောင်ရွက်ခဲ့သည့် စိုက်ခင်းများ၌ စိုက်ပင်များ၏ ရှင်သန် အောင်မြင်မှု၊ ဝါးနှင် ဗက်တီဘာမြက် စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုပ္ပသီရိမြို့နယ်၊ သတ္တသတ္တာဟဘုရား ဝန်းကျင်၌ ၂၀၁၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်စိုက်ပျိုးဆောင်ရွက်ခဲ့သည့် စိုက်ပင် များ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးသည် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဘုရားပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စိုက်ပျိုးထားရှိသည် သစ်ပင်များ ရှင်သန်အောင်မြင်စေရေးအတွက် ပြုစုထိန်းသိမ်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးမှာကြားသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ရန်အောင်မြင် ကြိုးဝိုင်းအကွက်အမှတ် (၁၆)တွင် ၂၀၁၇ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော် စိုက်ပျိုး ဆောင်ရွက်ခဲ့သည့် ကျွန်း၊ ပျဉ်းကတိုး၊ တမလန်းနှင့် အင်ကြင်းပင်များ စိုက်ပျိုး ထားသည် စိုက်ခင်းအား ကြည့်ရှုစစ်ဆေး၍ စိုက်ခင်းအားခြံစည်းရိုးကာရံရန်၊ စိုက်ပျိုး ထားသော သစ်တောသစ်ပင်များ ပျက်စီးမှုမရှိစေရေးအတွက် အလေးထား ထိန်းသိမ်း စောင့်ရှောက်ရန် မှာကြားသည်။

ဆက်လက်၍ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၁၇/၀)အနီးရှိ ငလိုက်စခန်းသာဆင်စခန်း ရောက်ရှိစစ်ဆေးသည်။  မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော် (တောင်) သစ်ထုတ်ရေးဒေသတာဝန်ခံ-ဦးအောင်မျိုးမင်းက ဆင်စခန်းနှင့် ပတ်သက် သည့် လက်ရှိဆောင်ရွက်ချက်များ၊ အပန်းဖြေလေ့လာသည့် ဧည့်သည်ဝင်ရောက်မှု အခြေ အနေ၊ တိုးချဲ့ဆောင်ရွက်မည့် ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ လေ့လာနိုင်ရေးအတွက် ဆင်စခန်းအတွင်း ပြတိုက်တည်ဆောက်၍ ဆင်အရိုးစုတည်ဆောက်ပုံပြကွက်၊ ဆင်စွယ် ပြကွက်များ ထည့်သွင်းပြသဆောင်ရွက်ရန်၊ သစ်ပင်ရွက်အုပ်များပေါ် ဖြတ်သန်း၍ လျှောက်လမ်းဆောင်ရွက်ရန်၊ ပွင့်လင်းရာသီ၌ လာရောက်အပန်းဖြေကြသည့် ပြည်သူ များအတွက် ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိခဲ့သည်။