မြန်မာ့ဆင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ခြေလှမ်းသစ်တစ်ရပ်စတင်ခြင်း

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသော နိုင်ငံဖြစ်သည်နှင့်အညီ စုံလင်များပြားလှသော အပင်နှင့် သတ္တဝါမျိုးစိတ်များကို ပိုင်ဆိုင်ထားသည်။ ကြီးမားကျယ်ပြန့်သော ကျွန်းသစ်တောကြီးများနှင့်အတူ မြန်မာ့ဆင်များသည် နိုင်ငံ၏သမိုင်း၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတွင် အရေးကြီးသော ကဏ္ဍအဖြစ်ပါဝင်နေသည်။ သမိုင်းဆိုင်ရာ အထောက်အထားများအရ ရှေးမြန်မာမင်းများ လက်ထက်ကပင် ဆင်ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့မှုကို တွေ့ရှိရပြီး ၁၈၇၉ ခုနှစ် ကုန်းဘောင်ခေတ်တွင် ဆင်ထိန်းသိမ်းရေးဥပဒေပြဋ္ဌာန်းခဲ့ကြောင်းနှင့် ၁၈၈၃ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းခဲ့ကြောင်း တွေ့ရှိရသည်။ ၁၉၉၄ ခုနှစ်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေအရ ဆင်ကို လုံးဝကာကွယ်ထားသော တိရစ္ဆာန်အဖြစ် ထိန်းသိမ်းကာကွယ်လျှက်ရှိသည်။

ရှေးယခင်ကတည်းက ဆင်များကို စစ်ပွဲများအတွက်သာမက သစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင်ပါ အသုံးပြုခဲ့ကြသလို ယခုထက်တိုင်လည်း ပတ်ဝန်းကျင် မထိခိုက်စေသော နည်းစနစ်တစ်ခု အဖြစ် သစ်ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွင် အဓိကအသုံးပြုနေဆဲဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အိန္ဒိယနိုင်ငံပြီးလျှင် တောဆင်ရိုင်းနှင့် အိမ်မွေးဆင်ဦးရေ ဒုတိယအများဆုံး ကျန်ရှိသော နိုင်ငံဖြစ်သည်။ ၂၀၁၄-၂၀၁၅ (ဒီဇင်ဘာလ)အထိ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မှတ်ပုံတင်ထားသော ဆင်အထီး ၁၉၆၁ ကောင်၊ အမ ၂၆၈၈ ကောင် စုစုပေါင်း ၄၆၄၉ ကောင် ရှိကြောင်း သိရသည်။ တောဆင်ရိုင်းများ ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ၁၉၂၇ ခုနှစ်မှစတင်၍ သဘာဝထိန်းသိမ်းရေးနယ်မြေများကို တည်ထောင်လာခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ဆင်ထိန်းသိမ်းရေး နယ်မြေခြောက်ခုရှိပြီး ဧရိယာအနေဖြင့် ၉၂၀၅ ဒဿမ ၅၁ စတုရန်းမိုင်ရှိသည်။

ယခုအခါ လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆင်ကျက်စားနယ်မြေများ ကျဉ်းမြောင်းလာခြင်း၊ အခြားမြေအသုံးချမှုများပြားလာခြင်းနှင့် တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများ အပါအဝင် အခြားအကြောင်းအရင်းများကြောင့် သဘာဝတောများတွင် တောဆင်ရိုင်း ကောင်ရေ လျော့နည်းကျဆင်းလာသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ တရားမဝင်သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ ပြစ်မှုစုစုပေါင်း ၇၂ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ ၎င်းပြစ်မှု ၇၂ မှုအနက် ၂၆ မှုသည် အစွယ်ရလိုမှု၊ သားရေနှင့် အသားရလိုမှုတို့ကြောင့် တောဆင်ရိုင်းများကို သတ်ဖြတ်ခဲ့သော အမှုများဖြစ်သည်။

အာဖရိကနိုင်ငံများတွင်လည်း အလားတူ တောဆင်ရိုင်းသတ်ဖြတ်ခံရမှုများ မြင့်တက်လျက် ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဝယ်လိုအားမြင့်မားမှုကြောင့် ဆင်စွယ်ဖြင့် ပြုလုပ်ထားသော လက်မှုပစ္စည်း၊ အသုံးအဆောင်ပစ္စည်းများ ရောင်းဝယ် ဖောက်ကားမှုတို့ ဖြစ်ပွားလျက်ရှိသည်။

ဤကဲ့သို့ အဖိုးတန်ဆင်များအရေအတွက် လျော့နည်းလာမှုကို ထိန်းသိမ်းရန်အတွက် သစ်တောဦးစီးဌာနသည် ဆက်စပ်ဌာနအဖွဲ့အစည်းများ INGOs/ NGOs များနှင့် ပူးပေါင်း၍ ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာ ဆင်ထိန်း သိမ်းရေးအဖွဲ့များဖြစ်သည့်  Asian Elephant Research Centre၊ IUCN၊ Asian Elephant Specialist Group and Scientific Exploration Society တို့နှင့် ပူးပေါင်းပြီး ဆင်စာရင်းကောက်လုပ်ငန်းကို ၁၉၉၅ ခုနှစ်က ဆောင်ရွက်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် CITES ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ CITES လက်အောက်ရှိ တောဆင်ရိုင်းများ တရားမဝင်သတ်ဖြတ်ခံရမှု တားဆီးထိန်းချုပ်ရေး (Monitoring on Illegal Killing of Wild Elephant-MIKE) အစီအစဉ်တွင်လည်း ပူးပေါင်းပါဝင်ကာ ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၁-၂၀၀၃ ခုနှစ်တွင် Smithsonian Institutions (SI)နှင့် ပူးပေါင်း၍ တောဆင်ရိုင်းကွင်းဆင်းစာရင်းကောက်ယူမှုကို ဆောင်ရွက်ခဲ့ပြီး ခန့်မှန်းကောင်ရေ ၅၀၀၀ ခန့် ကျန်ရှိနိုင်ကြောင်း တွက်ချက်ခဲ့ကြသည်။

မြန်မာ့တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင် အထည် ဖော်နိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် ဆင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ရေရှည်ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ရန်ပုံငွေအခြေအနေ များညှိနှိုင်းဆွေးနွေးနိုင်ရန်၊ လူနှင့်ဆင်ပဋိပက္ခများ လျော့နည်းစေရေး နည်းလမ်းများရှာဖွေ ဖော်ထုတ်ရန်အတွက် မြန်မာ့ဆင်ထိန်းသိမ်းရေးလုပ်ငန်း စီမံချက်တစ်ရပ်ကို ရေးဆွဲနိုင်သည်။ အင်မတန်အရေးကြီးသည်။

ထို့ကြောင့်လည်း သစ်တောဦးစီးဌာနအနေဖြင့် ဆင်ထိန်းသိမ်းကာကွယ်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ အကြံပြုချက်များရယူကာ ဆင်ထိန်းသိမ်းကာကွယ်ရေး စီမံချက်ရေးဆွဲနိုင်ရေးအတွက် မြန်မာ့ဆင်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက် ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို WCS နှင့်ပူးပေါင်း၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှ ၂၄ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၍ စီမံချက်တွင် ထည့်သွင်းရေးဆွဲသင့်သောအချက်များကို အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး၊ တောဆင်ရိုင်းများဆိုင်ရာ သတင်းအချက်အလက် စုဆောင်းရယူရေး၊ အိမ်မွေးဆင်များကို ထိရောက်သောစီမံအုပ်ချုပ်​ရေး၊ လူနှင့်ဆင်ပဋိပက္ခလျော့နည်းစေမည့် နည်းလမ်းများဖော်ထုတ်ရေး၊ နိုင်ငံတွင်းနှင့် နယ်စပ် ဖြတ်ကျော်ဒေသများတွင် ထိရောက်သော ကင်းလှည့်ထိန်းသိမ်းခြင်းနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး စသည့်တို့ကို ဆွေးနွေးခဲ့ကြသည်။

ပုဂ္ဂလိကပိုင်ဆင်များထိန်းသိမ်းရေးအတွက် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့ ပူးပေါင်း၍ ပုဂ္ဂလိကပိုင်ဆင်များကို ဆင်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ခြင်း၊ ဆင်တစ်ကောင်ချင်းအလိုက် တိကျထင်ရှားသော အချက်အလက်များရယူခြင်း၊ အလုပ်လုပ်နိုင်သောဆင်နှင့် အလုပ်မလုပ်နိုင်သောဆင် (ဆင်ပေါက်/ဆင်အို) များကို ကွဲပြားစွာ မှတ်တမ်းတင်ရေးအတွက် ဆောင်ရွက်ခြင်း၊ ထိရောက်သော စီမံအုပ်ချုပ်ရေးလုံလောက်စွာ ထားရှိခြင်း၊ ပုဂ္ဂလိကပိုင်ဆင်များ သေဆုံးမှုမှတ်တမ်း ထားရှိရေးနှင့် ပုံမှန်စုံစမ်းစစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်း စသည်တို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

လူနှင့်ဆင်ပဋိပက္ခများ (Human-Elephant Conflicts-HEC) များ လျာ့ချနိုင်ရေးအတွက် အိမ်မွေးဆင် စီမံအုပ်ချုပ်သူများကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဒေသခံများအား ပညာပေး စည်းရုံးခြင်းနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လူနှင့်ဆင် ပဋိပက္ခများနှင့်ပတ်သက်၍ သုတေသနနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ လိုအပ်ပါသည်။ ထို့အပြင် တောဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေးအတွက် ရေရှည်တည်တံ့သော ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရန်လည်း လိုအပ်သည်။ အိမ်မွေးဆင်များနှင့်ပတ်သက်၍ ၎င်းတို့ကို သဘာဝတောအတွင်းသို့ စမ်းသပ်စေလွှတ်ခြင်း၊ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည်တို့ကို အလေးထားသကဲ့သို့ အိမ်မွေးဆင်များကို တရားမဝင်သစ်ထုတ် လုပ်ငန်းများတွင် အသုံးပြုခြင်းကိုလည်း ထိန်းသိမ်းဆောင်ရွက်သင့်သည်။

ဆင်အကောင်လိုက်၊ ဆင်စွယ်နှင့် ဆင်၏အစိတ်အပိုင်းများ တရားမဝင် ကူးသန်း ရောင်းဝယ်မှုကို လျော့ချရေးအတွက် ဈေးကွက်ကို စုံစမ်းဖော်ထုတ်ပြီး ဒေသတွင်း နိုင်ငံများအကြား အပြန်အလန် ပူးပေါင်းအရေးယူဆောင်ရွက်သင့်ပါသည်။ ထို့အပြင် လက်ရှိဆင်မှတ်ပုံတင်ခြင်း စနစ်ကို အကဲဖြတ် ဆန်းစစ်ရန်နှင့် ထိရောက်မှုရှိ/မရှိ စောင်ကြည့်လေ့လာရန်လည်း လိုအပ်သည်။ အိမ်မွေးဆင်များကို ပုံမှန်ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ဆေးဖက်ဆိုင်ရာသိပ္ပံနည်းကျ ဆင်ကောင်ရေ ထိန်းချုပ်ခြင်း၊ အိမ်မွေးဆင်များကို စောင့်ကြည့်လေ့လာစစ်ဆေးရန် Taskforce အဖွဲ့ဖွဲ့စည်းခြင်း၊ သေဆုံးဆင်၏ အစိတ်အပိုင်းများကို တည်ဆဲဥပဒေနှင့် CITES ပြဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာ့ဆင်များသည် ရှေးယခင်ကတည်းကပင် နိုင်ငံ၏အဖိုးတန်အမွေအနှစ်တစ်ခုအဖြစ် သမိုင်းအစဉ်အဆက် ထင်ရှားခဲ့သည်။ ဆင်စွယ်နှင့်ဆက်စပ်ပစ္စည်းများမှာ တန်ဖိုးကြီးမားသဖြင့် ဆင်မုဆိုးများ၏ဖမ်းဆီးသတ်ဖြတ်မှုအန္တရာယ်ကို ကြုံတွေ့နေရသည်။ ထို့အပြင် ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် ခရီးသွားလုပ်ငန်းတိုးတက်လာမှုကြောင့် ဆင်စွယ်နှင့် ဆက်စပ်ပစ္စည်းများ ကုန်သွယ်မှုမှာလည်း မြင့်တက်လာရပါသည်။ ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံနယ်စပ်တို့တွင် ဆင်စွယ်များ တရားမဝင်ဖောက်ကားမှုများ ဖြစ်ပွားလျက်ရှိပါသည်။

တစ်ခါတစ်ရံတွင် တောဆင်များက ၎င်းတို့၏ စားကျက်ကို ကျော်လွန်၍ လူများစိုက်ပျိုး ထားသည့် စိုက်ခင်းများ၊ စပါးခင်းများသို့ ဝင်ရောက်သည့်အခါမျိုးတွင် လူနှင့်ဆင်တို့ ထိပ်တိုက် ရင်ဆိုင်ရသည့် အခြေအနေများလည်း ဖြစ်လေ့ရှိသည်။ ထိုအခြေအနေတွင် ဒေသခံများကို ပညာပေး စည်းရုံးခြင်း၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို စည်းရုံးခြင်းများဖြင့် လူနှင့်ဆင် ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။

လူနှင့်ဆင် ပဋိပက္ခများ လျော့နည်းစေရေးအတွက် တောဆင်ရိုင်းနှင့် ဒေသခံများတွင် ကြားခံနယ်မြေဇုံသတ်မှတ်၍ စနစ်တကျစီမံခန့်ခွဲခြင်း ဒေသခံများအား တောဆင်ရိုင်းဘေးအန္တရယ် လွတ်ကင်းနိုင်မည့် ဒေသများသို့ ပြောင်းရွှေ့ပေးခြင်း၊ သစ်ပင်ဝါးပင်ပေါ်တွင် အိမ်ဆောက်ခြင်း၊ ခြံစည်းရိုးများတွင် လျှပ်စစ်လွတ်ခြင်း၊ ငရုတ်သီးနှင့် တာယာများကို မီးရှို့ခြင်း၊ နှမ်းနှင့် ခရီးချဉ်ပင် များ စိုက်ပျိုးခြင်း၊ စသည်တို့ကို ဆောင်ရွက်သင့်သည်။ ထို့အပြင် ဗဟိုအဆင့်နှင့်ဒေသအဆင့် HEC ​ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် အန္တရာယ်သတိပေး လုပ်ငန်းများအား လေ့ကျင်သင်တန်း ပေးခြင်းတို့ ဆောင်ရွက်ခြင်းအားဖြင့် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ တောဆင်ရိုင်းများ သဘာဝအတိုင်း ကျက်စားနေထိုင်ခဲ့သည့် နေရာများတွင် ပြန်လည်ကျက်စားနေထိုင်နိုင်ရေးအတွက် ဆင်များကြိုက်နှစ်သက်သည့် အပင်များ ပြန်လည်ထိန်းသိမ်းပေးခြင်း၊ ဆားချက်ပေးခြင်းများ ပြုလုပ်ပေးပါက ဆင်များ၏ စားကျက်တည်ငြိမ်မှုကို အထောက်အကူပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်းကျန်ရှိမှုနှင့် ပျံ့နှံကျက်စားမှုအခြေအနေများကို စနစ်တကျ သိပ္ပံနည်းကျ လေ့လာဆန်းစစ်ခြင်းလုပ်ငန်း အစီအစဉ်များကို ဆောင်ရွက်နိုင်မှု အားနည်းခဲ့ခြင်း ကြောင့် ရေရှည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် နည်းဗျူဟာများ၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် များ ထိန်းသိမ်းရေးစီမံချက်များကို ချမှတ်ဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့ရလျက် ရှိသည်။ သို့ရာတွင် သစ်တောဦးစီးဌာနမှ မြန်မာ့သစ်လုပ်ငန်း WCS နှင့် အခြား NGOs များမှ  ဝန်ထမ်းများပူးပေါင်းကာ ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ပင်ဖြစ်သည်။ ကွင်းဆင်းရလဒ်များကို အခြေခံ၍ မြန်မာ့ဆင်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက် (မူကြမ်း) ကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် အပြီးသတ် ရေးသားပြုစုနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ (Working Group) လေးဖွဲ့ ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဖိုးတန်သက်ရှိရတနာဖြစ်သော ဆင်များထိန်းသိမ်းရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများတွင် အစိုးရဌာနတစ်ခုတည်း NGO တစ်ခုတည်း ကြိုးပမ်း ဆောင်ရွက်ရုံဖြင့် အောင်မြင်မှုရရှိရန် ခက်ခဲသည်။ သို့ဖြစ်ရာ ထိန်းသိမ်းရေးလုပ်ငန်းတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ လူနှင့်ဆင်ပဋိပက္ခလျော့နည်းစေမည့် နည်းလမ်းများ ဖော်ထုတ် ရေးတို့အတွက် ဆက်စပ်ပတ်သက်သူများအားလုံး ပူးပေါင်းဆွေးနွေးပြီး အကြံပြုချက်များ ထည့်သွင်းရေးဆွဲမည့် မြန်မာ့ဆင်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာ့ တောဆင်ရိုင်းများထိန်းသိမ်းရေးလုပ်ငန်းအတွက် ခြေလှမ်းသစ်တစ်ရပ်ပင် ဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။

မောင်တိုးချဲ့