သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်

ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါမှန်သမျှသည် ပတ်ဝန်းကျင်ကို အမှီသဟဲပြုနေကြရပါတယ်။ ထိုသို့ သက်ရှိ နှင့်သက်မဲ့တို့ အပြန်အလှန်အမှီသဟဲပြုနေကြခြင်းကို ဂေဟစနစ်ဟု ခေါ်ဆိုပါတယ်။ လူသားတို့၏ လူမှုစီးပွား ဘ၀ကောင်းမွန်တိုးတက်ရေးနှင့် သာယာ၀ပြောရေးသည် ကောင်းမွန်ပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ပေါ်မှာ အခြေခံ နေပါတယ်။ ယခုအခါ လူသားများ၏ မဆင်မခြင် လုပ်ရပ်များကြောင့် သဘာ၀ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ တဖြည်းဖြည်းယိုယွင်းပျက်စီးလာလျက် ရှိနေပါတယ်။ သဘာ၀ပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေသည့် ပြဿနာ များအနက် အဖြူရောင်အန္တရာယ် (White Pollution) လို့ခေါ်ဆိုတဲ့ ကြွပ်ကြွပ်အိတ်ခေါ် ပလတ်စတစ်အိတ်ပြဿနာ ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၃၀ ခန့်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမှာမဆို ပစ္စည်းဝယ်ယူ ရာတွင် ပစ္စည်းအမျိုးအစားအလိုက် အသားစိမ်း၊ ငါးစိမ်း၊ အသီး၊ အရွက်များဆိုရင် အင်ဖက်၊ ဗာဒံရွက်၊ ဖက်များ ဖြင့်လည်းကောင်း၊ စားသောက်စရာများကို ဗူး၊ ချိုင့် စသည်တို့ဖြင့်လည်းကောင်း၊ အခြား အသုံးအဆောင် ပစ္စည်း များကို စက္ကူအိတ်၊ သတင်းစာစက္ကူ၊ ပလပ်စတစ်အိတ်ပျော့များနှင့်လည်းကောင်း ထုပ်ပိုးခဲ့ကြပါတယ်။ နောက်ပိုင်း မှာ နည်းပညာများ တိုးတက်လာတာနဲ့အမျှ အရင်ကသုံးစွဲခဲ့သည့် ထုပ်ပိုးပစ္စည်းများ၊ အိတ်များထက် ပိုမိုခိုင်ခန့်ပြီး တာရှည်ခံတဲ့ ရောင်စုံကြွပ်ကြွပ်အိတ်များကို သုံးစွဲလာခဲ့ကြပါတယ်။
ကြွပ်ကြွပ်အိတ်ဟာ သယ်ယူရလွယ်ကူခြင်း၊ ထုပ်ပိုးရာတွင်ပေါ့ပါးခိုင်ခံ့ခြင်း၊ ဈေးနှုန်းသက်သာခြင်းနှင့် စွန့်ပစ်ရန်လွယ်ကူခြင်းတို့ကြောင့် တစ်ကမ္ဘာလုံးမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလျက်ရှိပါတယ်။ ကြွပ်ကြွပ်အိတ် ထုတ်လုပ်ရာတွင် အသုံးပြုနေတဲ့ကော်စေ့ဟာ သဘာ၀သယံဇာတဖြစ်သည့် ရေနံစိမ်းမှ ထုတ်ယူခြင်းဖြစ်တဲ့အတွက် ကြွပ်ကြွပ်အိတ်များအား စည်းကမ်းမဲ့စွာ မဆင်မခြင်ထုတ်လုပ် သုံးစွဲစွန့်ပစ်ခြင်းဟာ သဘာ၀သယံဇာတဖြစ်တဲ့ ရေနံစိမ်းများအား ဖြုန်းတီးနေခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ် ပလတ်စတစ်သုံးစွဲမှုပမာဏဟာ တန်ချိန် သန်းပေါင်း ၂၇၅ သန်းရှိကြောင်းလေ့လာသိရှိရပါတယ်။ ယခုအခါ မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ပစ်ထား သည့် တန်ချိန် ၉သန်းခန့်ရှိတဲ့ ပလတ်စတစ် အမှိုက်ထုကြီးမှာ သမုဒ္ဒရာအတွင်းစီးမျောနေပြီး ရေသတ္တဝါများနဲ့ ပင်လယ်ကူးသင်္ဘောများအတွက် ဘေးအန္တရာယ် ဖြစ်နေကြောင်း လေ့လာသိရှိရပါတယ်။
ကြွပ်ကြွပ်အိတ်ရဲ့ တာရှည်ခံတဲ့စွမ်းရည်ကြောင့် အဆိုပါပြဿနာ စတင်ခဲ့ရခြင်းဖြစ်ပါတယ်။ ကြွပ်ကြွပ် အိတ်များဟာ သုံးစွဲရာတွင် ကြာရှည်ခံသကဲ့သို့ အသုံးမလို၍ စွန့်ပစ်ရာတွင်လည်း အမှိုက်အဖြစ် ကြာရှည်ခံလျက် ရှိပါတယ်။ ကြွပ်ကြွပ်အိတ်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းဟာ မြို့ပြသန့်ရှင်း သာယာလှပမှုကို ဖျက်စီးနေတဲ့အပြင် စားကြွင်းစားကျန်များကို ကြွပ်ကြွပ်အိတ်ထဲထည့်၍ စွန့်ပစ်ခြင်းများကြောင့် ကြွက်၊ ခြင်၊ ယင်နဲ့ ဘတ်တီးရီးယား ပိုးမွှားများနဲ့ ရောဂါပိုးများပေါက်ပွားကာ လူတို့ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် မိုးရွာချတဲ့အခါ ကြွပ်ကြွပ်အိတ်များသည် ရေမြောင်းများအတွင်း မျောပါသွားပြီး ရေထွက်ပေါက်များအား ပိတ်ဆို့ခြင်းကြောင့် လမ်းမများပေါ်တွင် ရေလျှံခြင်းများဖြစ်ပေါ်ပြီး လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်များအတွက် အန္တရာယ် များဖြစ်ပေါ်စေနိုင်ပါတယ်။ ကြွပ်ကြွပ်အိတ်များဟာ ရေမြောင်းများမှတစ်ဆင့် မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာ ထဲကို ရောက်ရှိသွားပြီး ကမ္ဘာ့ရေထုကို ညစ်ညမ်းစေတဲ့အပြင်  ရေသတ္တဝါများရဲ့ ဂေဟစနစ်ကိုလည်း ပျက်စီးစေ ပါတယ်။ ဥပမာ ကြွပ်ကြွပ်အိတ်ဟာ ဂျယ်လီငါးနှင့် အလွန်တူတာကြောင့် ပင်လယ်လိပ်များဟာ ၎င်းတို့ရဲ့ အစာနှင့် အမှတ်မှား၍ စားသုံးမိကြသဖြင့် သေဆုံးနေကြရပါတယ်။ 
ကြွပ်ကြွပ်အိတ်ဟာ ကမ္ဘာ့ရေထုကိုသာမက လေထုနှင့်မြေထုကိုလည်း ဆိုးရွားစွာညစ်ညမ်းစေနိုင်ပါတယ်။ ကြွပ်ကြွပ်အိတ်များကို မြေနိမ့်ပိုင်းဖြစ်တဲ့ တွင်းများ၊ ချိုင့်များအတွင်းသို့ ဖို့မြေအဖြစ်စုပုံခြင်း၊ မီးရှို့စက်ဖြင့် မီးရှို့ခြင်း စသည်ဖြင့်စွန့်ပစ်လျက်ရှိပါတယ်။ ကြွပ်ကြွပ်အိတ်များဟာ မြေကြီးထဲမှာ နှစ်ပေါင်း ၅၀၀ မှ ၁၀၀၀ ခန့် ကြာမှသာ ပျက်စီးနိုင်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မြေကြီးထဲသို့ ရောက်ရှိသွားသော ကြွပ်ကြွပ်အိတ်များကြောင့် မြေဆီလွှာအတွင်းရှိ အပင်မျိုးစေ့၊ သစ်စေ့များမှာအညှောက် မထွက်နိုင်တော့ဘဲ သေကျေပျက်စီးကြရပါတယ်။ ယင်းကြွပ်ကြွပ်အိတ်များကို မီးရှို့ဖျက်ဆီးပါကလည်း အီသိုင်းလင်းအောက်ဆိုဒ် နှင့် ဒိုင်အောက်စင်များ ထွက်ရှိသဖြင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေတဲ့အပြင် ယင်းအငွေ့များကို ရှူရှိုက်မိတဲ့ လူတို့ရဲ့ သွေးနဲ့ဆီးများထဲသို့ရောက်ရှိကာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ကြွပ်ကြွပ်အိတ်မှာ ခဲဓာတ်နှင့် အဆိပ်ဓာတ်များပါရှိတဲ့ ဓာတုဗေဒပစ္စည်းများနဲ့ အရောင်ဆိုးဆေးများကြောင့် ပူလောင်တဲ့စားစရာများကို ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး ထုပ်ပိုးသယ်ဆောင်ပါက အဆိပ်ဓာတ်များနှင့် ဒိုင်အောက်စင်များဟာ စားစရာများ ထဲကိုရောက်ရှိသွားပြီး ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါတယ်။ ကြွပ်ကြွပ်အိတ်များကို အသုံးပြုမှု ကြာလာတာနဲ့ အမျှ မိမိတို့ရဲ့ခန္ဓာကိုယ်ထဲကို အဆိပ်ပစ္စည်းတွေ တစ်စတစ်စ စုပုံပြီး ခန္ဓာကိုယ်ကြီးကို အနှေးနဲ့အမြန် ဒုက္ခပေး လာတော့မှာ ဖြစ်ပါတယ်။
သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ်အသုံးပြုမှုနှင့်ပတ်သက်လို့ လိုက်နာဆောင်ရွက် သင့်တဲ့ နည်းလမ်း (၅)သွယ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ် - 
(က) ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို အသုံးပြုရန်မလိုအပ်ပါက သုံးစွဲရန် ငြင်းပယ်ခြင်း (Reject)၊
(ခ) ကြွပ်ကြွပ်အိတ်များအစား ချည်ဖြင့်ပြုလုပ်ထားသည့် ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များ၊ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်စသည်တို့ကို သုံးစွဲခြင်းဖြင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုကို လျှော့ချခြင်း (Reduce)၊
(ဂ) ကြွပ်ကြွပ်အိတ်အဟောင်းများအားအမှိုက်အဖြစ်စွန့်ပစ်ခြင်းမပြုဘဲပြန်လည်အသုံးပြုခြင်း (Reuse)၊
(ဃ) ကုန်ကြမ်းအဖြစ်သုံးပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း (Recycle)၊
(င) သုံးပြီးအိတ်ခွံများအားစုထားပြီးပြန်လည်အသုံးပြုနိုင်သောနေရာသို့ပြန်လည်ပေးပို့ခြင်း (Return)။
ကြွပ်ကြွပ်အိတ်ပြဿနာဟာ တစ်နေ့တစ်ခြားကြီးထွားလာတာကြောင့် ဘင်္ဂလားဒေ့ရှ်၊ အစ္စရေး၊ ကနေဒါ၊ ကင်ညာ၊ စင်ကာပူစတဲ့ နိုင်ငံများမှာ ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို တားမြစ်ထားကြောင်း လေ့လာသိရှိရပါတယ်။ တရုတ်နိုင်ငံမှာလည်း ကုန်တိုက်ကြီးများ၌ ကြွပ်ကြွပ်အိတ်များ အခမဲ့ပေးခြင်းကိုတားမြစ်ခြင်းဖြင့် ကြွပ်ကြွပ်အိတ် သုံးစွဲမှုကို လျှော့ချလျက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့တွင် မြို့တော်ကောင်စီက ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စတိုးဆိုင်ကြီးများတွင် ပလပ်စတစ်အိတ်သုံးစွဲမှုကိုတားမြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို လျှော့ချနိုင်ဖို့အတွက် ရန်ကုန် နဲ့ မန္တလေးမြို့ကြီးတွေမှာ အဓိကထား ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ကြွပ်ကြွပ်အိတ် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်း၊ ကြွပ်ကြွပ်အိတ်ထုတ်လုပ် ရောင်းချခွင့်အားတားမြစ်ခြင်း၊ ထုတ်လုပ်ပြီးဖြစ်သည့် ကြွပ်ကြွပ်အိတ် များအား စည်ပင်သာယာရေးကော်မတီများသို့ ပြန်လည်အပ်နှံစေပြီး အဆိုပါ ကော်မတီများမှ ကြွပ်ကြွပ်အိတ် အစား ချည်နဲ့ပြုလုပ်ထားတဲ့ ဈေးဝယ်အိတ်များ၊ စက္ကူများအား အခမဲ့ပြန်လည် ဖြန့်ဖြူးပေးခြင်း၊ ကြွပ်ကြွပ်အိတ် မသုံးစွဲရေးအတွက် အသိပညာပေးပိုစတာများ စိုက်ထူခြင်း၊ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ခြင်းကြောင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုမှာ သိသိသာသာလျော့ကျလာပြီး ရန်ကုန်နဲ့ မန္တလေးမြို့များရှိ အချို့မြို့နယ်များဟာ ကြွပ်ကြွပ်အိတ်ကင်းစင်နယ်မြေများ ဖြစ်လာပြီဖြစ်ပါတယ်။ 
ယခုအခါကြွပ်ကြွပ်အိတ် ပြဿနာကို ပြေလည်စေရန်အတွက် ဆန်၊ သကြား၊ ပြောင်းဖူးတွေကို အသုံးပြုပြီး ထုတ်လုပ်တဲ့ ဆွေးမြေ့ပျက်စီးလွယ်တဲ့ အော်ဂဲနစ်ပလပ်စတစ်တွေကို ဈေးကွက်သို့ အမြောက်အများတင်ပို့ရောင်းချ နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အဲဒီအော်ဂဲနစ်ပလပ်စတစ်တွေကို ယခုအခါထုတ်လုပ်နိုင်ပြီဖြစ်ပေမယ့် သာမန်ကြွပ်ကြွပ်အိတ်ထက် အဆ ၂၀၀ ခန့် ဈေးကြီးမြင့်နေခြင်းကြောင့် စီးပွားဖြစ်ထုတ်လုပ်ရောင်းချဖို့အခြေအနေ မပေးသေးသည်ကို တွေ့ရှိရပါတယ်။
နိဂုံးချုပ်အနေနဲ့ သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုကို တစ်ထောင့်တစ်နေရာမှ ထိန်းသိမ်းကာကွယ်ဖို့နဲ့ သက်ရှိများရဲ့ဂေဟစနစ်များနဲ့ လူတို့ရဲ့ကျန်းမာရေးကိုကာကွယ်စောင့်ရှောက်ဖို့အတွက် ကြွပ်ကြွပ်အိတ်အသုံးပြုမှုကို ငြင်းပယ်ခြင်း၊ လျှော့ချခြင်း၊ ကြွပ်ကြွပ်အိတ်အဟောင်းများကိုပြန်လည်အသုံးပြုခြင်း၊ ကုန်ကြမ်းအဖြစ်သုံးပြီး အသစ် ပြန်လည်ထုတ်လုပ်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သောနေရာသို့ ပြန်လည်ပေးပို့ခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါတယ်။