လုပ်ငန်းလမ်းစဉ်များ

  • မေး-၁။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် မည်သည့်လုပ်ငန်းများ လုပ်ဆောင်နေသနည်း။
  • ဖြေ-၁။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် (က)သစ်တောစိုက်ခင်းများတည်ထောင်ခြင်း() (ခ)သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း() (ဂ)ထင်းအစားအခြား လောင်စာတိုးမြှင့်အသုံးချရေးဆောင်ရွက်ခြင်း() (ဃ)ရေရရှိရေးအကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း() စသည့် အဓိကလုပ်ငန်းတာဝန်ကြီး(၄)ရပ်(စ.ထ.ထ.ရ)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

 

  • မေး-၂။ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း လုပ်ဆောင်ရာတွင် မည်သည့်လုပ်ငန်းများပါဝင်ပါသနည်း။
  • အဖြေ-၂။ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း လုပ်ဆောင်ရာတွင်

(က) ကွင်းဆင်းစစ်ဆေး တိုင်းတာခြင်း၊

(ခ)နယ်နိမိတ်သတ်မှတ်ခြင်း၊

(ဂ) စခန်းတဲဆောက်လုပ်ခြင်း၊

(ဃ)တော စောင့်ခန့်ထားခြင်း၊

(င)ဆိုင်းဘုတ်ပြုလုပ်တပ်ဆင်ခြင်း၊

(စ)နမူနာစာရင်းကောက်ယူခြင်း

(ဆ)စစ်ဆေးလမ်းဖောက်လုပ်ခြင်း

(ဇ)မီးကာကွယ်ခြင်း စသည့်လုပ်ငန်းများ ပါဝင်ပါသည်။

 

  • မေး-၃။ ထင်းအစားအခြားလောင်စာတိုးမြှင့်အသုံးချရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် မည်သည့်လုပ်ငန်းများ ဆောင်ရွက်ပါသနည်း။
  • ဖြေ-၃။ ထင်းအစားအခြားလောင်စာတိုးမြှင့်အသုံးချရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်

(က)စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေခြင်း၊

(ခ)လောင်စာတုံး သုံးစွဲစေခြင်း၊

(ဂ)စိုက်ပျိုးစွန့်ပစ်ပစ္စည်း သုံးစွဲစေခြင်း၊

(ဃ)ထင်းအစားအခြားလောင်စာသုံးစံပြကျေးရွာ တည်ထောင်ခြင်း၊

(င)ထင်းအစား အခြားလောင်စာတိုးမြှင့်အသုံးချရေး တိုးချဲ့ပညာပေး ဟောပြောပွဲများကျင်းပခြင်း       စသည့်လုပ်ငန်းများ ဆောင်ရွက်ပါသည်။

 

  • မေး-၄။ အပူပိုင်းဒေသ ရေရရှိရေးဆောင်ရွက်ရာတွင် မည်သို့အကောင်အထည်ဖော်ဆောင်ပါသနည်း။
  • ဖြေ-၄။ အပူပိုင်းဒေသ ရေရရှိရေးဆောင်ရွက်ရာတွင်

(က)ရေကန်ငယ်တူးဖော်ခြင်း၊

(ခ)နုန်းတား ဆည်တည်ဆောက်ခြင်း၊

(ဂ)မြေအောက်ရေတူးဖော်ခြင်း၊

(ဃ)မိုးရေစုကန်တည် ဆောက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပါသည်။

 

  • မေး-၅။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် ​စိုက်ခင်းမြေနေရာသတ်မှတ်တိုင်းတာခြင်းကို မည်သည့်လတွင် ဆောင်ရွက်ရပါသနည်း။
  • (အဖြေ-၅) ​သစ်တောစိုက်ခင်းများ တည်ထောင်ရာတွင် စိုက်ခင်းမြေနေရာ သတ်မှတ်တိုင်းတာခြင်းကို စက်တင်ဘာလနှင့် အောက်တိုဘာလတွင် အပြီးဆောင်ရွက်ရပါသည်။

 

  • မေး-၆။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် ပျိုးထောင်ခြင်းကို မည်သည့်လတွင် ဆောင်ရွက် ရပါသနည်း။
  • ဖြေ-၆။ သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် ပျိုးထောင်ခြင်းကို စက်တင်ဘာလမှ ဇွန်လအတွင်း အပြီးဆောင်ရွက် ရပါသည်။

 

  • မေး-၇။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် စိုက်ပျိုးခြင်းကို မည်သည့်လတွင် ဆောင်ရွက်ရပါသနည်း။
  • ဖြေ-၇။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် စိုက်ပျိုးခြင်းကို မေလမှ ဇွန်လအတွင်းအပြီး ဆောင်ရွက်ရပါသည်။

 

  • မေး-၈။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် မြေဩဇာကျွေးခြင်းကို မည်သည့်လတွင် ဆောင်ရွက်ရပါသနည်း။
  • ဖြေ-၈။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် မြေဩဇာကျွေးခြင်းကို ဇူလိုင်လမှစက်တင်ဘာလအတွင်း အပြီးဆောင်ရွက်ရပါသည်။

 

  • မေး-၉။ သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် မီးတားလမ်းဖောက်လုပ်ခြင်းနှင့် မီးကာကွယ်ခြင်းကို မည်သည့်လတွင် ဆောင်ရွက် ရပါသနည်း။
  • ဖြေ-၉။ ​သစ်တောစိုက်ခင်းများ တည်ထောင်ရာတွင် မီးတားလမ်း ဖောက်လုပ်ခြင်းနှင့် မီးကာကွယ်ခြင်းကို ဇန်နဝါရီလမှ  မေလအတွင်း အပြီးဆောင်ရွက် ရပါသည်။

 

  • မေး-၁၀။ ​မိမိခြံဝန်းအတွင်းနှင့်ယာစည်းရိုးတွင် သစ်ပင်များစိုက်လိုပါကအကူအညီများရရှိရန် မည်သို့ဆောင်ရွက်ရပါမည်နည်း။
  • ဖြေ-၁၀။ ​မိမိခြံဝန်းအတွင်းနှင့် ယာစည်းရိုးတွင် သစ်ပင်များစိုက်လိုပါက နီးစပ်ရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရုံး၏ ပြည်သူဗဟိုပြု သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်ဖြင့် ဆက်သွယ်၍ လိုအပ်သော ပျိုးပင်များနှင့် နည်းပညာအကူအညီ ရယူ၍ စိုက်ပျိုးနိုင်ပါသည်။

 

  • မေး-၁၁။ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းကို မည်သည့်အရေအတွက်ဆောင်ရွက်နိုင်ပါသနည်း။
  • ဖြေ-၁၁။ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းကို ၁၉၉၇- ၉၈ ခုနှစ်မှ ၂၀၁၂- ၂၀၁၃ဘဏ္ဍာနှစ်အထိ စွမ်းအားမြှင့် မီးဖို(၄၇၈,၅၅၅)လုံး ဖြန့်ဖြူးခဲ့ပါသည်။

 

  • မေး-၁၂။ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မည်သည့် အရေအတွက် ဆောင်ရွက်မည်နည်း။
  • ဖြေ-၁၂။ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းကို  ၂၀၁၃- ၂၀၁၄ဘဏ္ဍာနှစ်တွင် စွမ်းအားမြှင့်မီးဖို (၈,၈၈၀)လုံး ဖြန့်ဖြူးရန် လျာထားပါသည်။

 

  • မေး-၁၃။ စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးကို ရရှိနိုင်သနည်း။
  • ဖြေ-၁၃။ စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်းဖြင့်ထင်းလောင်စာပမာဏကို ၄၀% အထိ လျော့ချနိုင်ပြီး အပူစွမ်းအင်ကို ၆၀% ကျော်အထိ ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိရပါသဖြင့် ထင်းလောင်စာ သုံးစွဲမှု လျော့ချနိုင်သည့်အပြင် အချိန်ကုန် သက်သာကြောင်း တွေ့ရှိရပါသည်။

 

  • မေး-၁၄။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးရွာအကျိုးပြုရေကန် မည်မျှတည်ထောင် ခဲ့ပါသနည်း။
  • ဖြေ-၁၄။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၁၉၉၇- ၉၈ ခုနှစ်မှ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ် အထိ စုစုပေါင်း ကျေးရွာအကျိုးပြုရေကန် (၁,၇၂၂)ကန် တည်ထောင်ခဲ့ပါသည်။

 

  • မေး-၁၅။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင်  ကျေးရွာအကျိုး ပြုရေကန် မည်မျှတည်ထောင် မည်နည်း။
  • ဖြေ-၁၅။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် ကျေးရွာအကျိုး ပြုရေကန် စုစုပေါင်း(၂၁)ကန် တည်ထောင်မည်ဖြစ်ပါသည်။

 

  • မေး-၁၆။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဓိက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို ဖော်ပြပါ။
  • ဖြေ-၁၆။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် အဓိကအားဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)နှင့် ဂျပန်နိုင်ငံ၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့နှင့် သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေပါသည်။

 

  • မေး-၁၇။ ယခင်က သစ်စက်လိုင်စင် သက်တမ်းကို တစ်နှစ်တစ်ကြိမ် တိုးမြှင့်ပေးနေခြင်း ဆောင်ရွက် နေရာမှ ယခုအခါ (၅)နှစ်အထိ သက်တမ်း တိုးမြှင့်ပေးရခြင်း ရည်ရွယ်ချက်ကို ပြောပြပေးပါ။
  • ဖြေ-၁၇။ သစ်စက်လိုင်စင် သက်တမ်းကို နှစ်စဉ် သက်တမ်းတိုးမြှင့်ခြင်းအစား (၅)နှစ်အထိ သက်တမ်း တိုးမြှင့်ပေးခြင်းဖြင့် လုပ်ငန်းရှင်များ လုပ်ငန်းကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်ခြင်း၊ စာရွက်စာတမ်းကုန်ကျမှု လျှော့ချနိုင်ခြင်း၊  ကုန်ထုတ်လုပ်မှု တိုးတက်စေခြင်း၊ သက်တမ်းတိုးရန် လိုက်လံစစ်ဆေးရသည့် တာဝန်များ လျှော့ချနိုင်ခြင်း၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာကို (၅)နှစ်စာ တစ်ပေါင်းတည်း ကြိုတင်ရရှိခြင်း၊ အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ပါတယ်။

 

  • မေး-၁၈။ လက်ကိုင်စက်လွှများကို လိုင်စင်ဖြင့်သာ  ကိုင် ဆောင် အသုံးပြုရန် အမိန့်ကြော်ငြာစာ ထုတ်ပြန် ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြား ပေးပါ။
  • ဖြေ-၁၈။ လက်ကိုင်စက်လွှများဟာ သစ်ပင်များကို အလွယ်တကူ ခုတ်လှဲနိုင်တဲ့ အတွက် သစ်တောပြုန်းတီးမှုအတွက် များစွာ အန္တရာယ်ရှိတဲ့ စက်ကရိယာတစ်ခုဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ သစ်တောပြုန်းတီးမှုကို ကာကွယ်တဲ့အနေနဲ့ လက်ကိုင် စက်လွှကိုင်ဆောင် အသုံးပြုခြင်းကို ဥပဒေအရတားမြစ် ပိတ်ပင်ထား ပါတယ်။ မြန်မာနိုင်ငံ အနေနှင့် လက်ကိုင်စက်လွှများကို တရားဝင် လိုင်စင်ပြုလုပ် ကိုင်ဆောင် အသုံးပြုစေခြင်းဖြင့် နိုင်ငံအတွင်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုင်ဆောင် အသုံးပြုနေသော လက်ကိုင် စက်လွှများ အရေအတွက်နဲ့ ဘာလုပ်ငန်းတွေအတွက် ကိုင်ဆောင် အသုံးပြုနေတယ် ဆိုတာရယ်၊ ရွှေ့ပြောင်းရလွယ်ကူတဲ့ လက်ကိုင်စက်လွှများရဲ့ ရွှေ့ပြောင်း သယ်ယူမှုများကို ထိန်းချုပ် ကြီးကြပ်နိုင်ဖို့အတွက်ရယ် ရည်ရွယ် ဆောင်ရွက်တာ ဖြစ်ပါတယ်။

 

  • မေး-၁၉။ သစ်တောဦးစီးဌာနမှ တရားဝင် သစ်တော ထွက် ပစ္စည်းများအတွက် အထောက်အထား အဖြစ် ထုတ်ပေးတဲ သစ်တောဘီလ်ပြေစာ များကို သက်တမ်းဘယ်လောက် ခွင့်ပြုပေး ထားပါသလဲ။
  • ဖြေ-၁၉။ သစ်တောဦးစီးဌာနမှ တရားဝင် သစ်တောထွက် ပစ္စည်းများအတွက် အထောက်အထားအဖြစ် ထုတ်ပေးတဲ့ သစ်တောဘီလ်ပြေစာများကို သက်တမ်းကို ယခင်က ထုတ်ပေးတဲ့နေ့မှစပြီး ဘဏ္ဍာရေးနှစ်ကုန်ဖြစ်တဲ့ မတ်လ (၃၁)ရက်နေ့အထိ သတ်မှတ်ပေးခြင်းအစား ပြည်သူအများ လုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူ လျင်မြန်စေရေးနဲ့ အချိန်ကုန် သက်သာစေရေးအတွက် ဘီလ်ပြေစာ သက်တမ်းကို ထုတ်ပေးတဲ့နေ့မှစပြီး တစ်နှစ် သတ်မှတ် ဆောင်ရွက်စေလျက်ရှိပါတယ်။ သတ်မှတ်ကာလကျော်လို့ ပထမအကြိမ် သက်တမ်းတိုးခြင်းကို မူလ ဘီလ်ပြေစာ ထုတ်ပေးရာ ခရိုင်သစ်တောရုံးမှာဘဲ လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး ဒုတိယအကြိမ် သက်တမ်းတိုးခြင်းကိုလည်း သစ်တောဦးစီးရုံးချုပ်မှ စိစစ်ခွင့်ပြုပေး သွားမှာ ဖြစ်ပါတယ်။

 

  • မေး-၂၀။ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ထုတ်ယူမှုလျော့နည်းကျဆင်းရေးအတွက် မည်သို့ ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ပါမည်နည်း။
  • ဖြေ-၂၀။ သစ်တောဝန်ထမ်းများမှ မြို့နယ်အသီးသီးတွင် သတင်းစုံစမ်းခြင်း၊ လှည့်လည်စစ်ဆေးခြင်းများဖြင့် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်း ထုတ်ယူ သယ်ဆောင်မှု များအား စဉ်ဆက်မပြတ် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ သတင်းပေးများထားရှိပြီး ရရှိသော သတင်းများ အပေါ်အခြေခံ၍ ရှာဖွေဖမ်းဆီးလျက် ရှိပါသည်။ တရားမဝင်သစ်များ ထုတ်ယူလေ့ရှိသည့် ဧရိယာများတွင် ခရိုင်/တိုင်းဒေသကြီး စစ်ကြောင်းများ စုဖွဲ့၍လည်း ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။ တရားမဝင် သစ်နှင့် ပတ်သက်၍ သစ်တောဦးစီးရုံးချုပ်တွင် ရရှိသော သတင်းများအရ အင်အားစုဖွဲ့၍ လျှပ်တပြက် ဝင်ရောက်ဖမ်းဆီးဆောင်ရွက်လျက်ရှိပါသည်။

 

  • မေး-၂၁။ သစ်တောကြိုးဝိုင်းနှင့်ပတ်သက်သော တားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ပါက မည်သို့ အပြစ်ပေးခံရပါမည်နည်း။
  • ဖြေ-၂၁။ သစ်တောကြိုးဝိုင်းနှင့်ပတ်သက်သော တားမြစ်ချက်များကို ကျူးလွန် ဖောက်ဖျက်ပါ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူအား သစ်တောဥပဒေ ပုဒ်မ ၄၀ အရ ငွေဒဏ်ကျပ် (၅၀၀၀) အထိဖြစ်စေ၊ ထောင်ဒဏ်(၆) လအထိဖြစ်စေ၊ ဒဏ်(၂) ရပ်လုံးဖြစ်စေ ကျခံစေရန်လည်းကောင်း၊ သစ်တောဥပဒေပုဒ်မ ၄၂ (က) အရ ငွေဒဏ်ကျပ်( ၂၀၀၀၀) အထိဖြစ်စေ ထောင်ဒဏ်(၂) နှစ်အထိဖြစ်စေ၊ ဒဏ်(၂) ရပ်လုံးဖြစ်စေ ကျခံစေရန်လည်းကောင်း အရေးယူအပြစ်ပေးခံရမည်ဖြစ်ပါသည်။

 

  • မေး-၂၂။ မြန်မာ့သစ်လုပ်ငန်းနှင့် မည့်သည့်နည်းလမ်းများဖြင့် ရင်နှီးမြှုပ်နှံမှု ဆောင် ရွက်နိုင်သနည်း။
  • ဖြေ-၂၂။ မြန်မာ့သစ်လုပ်ငန်းနှင့် ပူးပေါင်း၍

(က) (၁၀၀%)ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်း။

(ခ)  ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်း။

 

  • မေး-၂၃။ ရင်းနှီးမြှုပ်နှံသူများအား မြန်မာ့သစ်လုပ်ငန်းမှ ကုန်ကြမ်းများကို မည်ကဲ့ သို့ ရောင်းချပေးနိုင်သနည်း။
  • ဖြေ-၂၃။ ရင်းနှီးမြှုပ်နှံသူများအား မြန်မာ့သစ်လုပ်ငန်းမှ ကုန်ကြမ်းများကို Open Tender ဖြင့် ရောင်းချပေးပါမည်။

 

  • မေး-၂၄။ သစ်အချောထည်ထုတ်လုပ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံရန် လုပ်ထုံးလုပ်နည်းများ မည်သို့ရှိပါလဲ။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ရင်းနှီးမြှုပ်နှံသူအား မည်သည့်အကူအညီ ပေးနိုင်ပါသလဲ။
  • ဖြေ-၂၄။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (မူကြမ်း) တို့အရ သစ်အချောထည် ထုတ်လုပ်ခြင်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက် ဖြင့်သာ ခွင့်ပြုမည်ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းများမှာ-

(က)    ၁၀၀% ရင်းနှီးမြှုပ်နှံမှုအတွက် ဖြစ်ပါက မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ တွင် ပူးတွဲပါရှိသည့် ပုံစံ(၁)ဖြင့် ရင်းနှီး မြှုပ်နှံမှု အဆိုပြုလွှာကို မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်သို့ တင်ပြခြင်း။

(ခ)     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဥပဒေနှင့်အညီ စိစစ်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို တောင်းခံမည်ဖြစ်ရာ မြန်မာ့သစ်လုပ်ငန်းအား အဆိုပြုလွှာကို စိစစ်သုံးသပ်ပြီး သဘောထားမှတ်ချက်ကို ဝန်ကြီးဌာနသို့ တင်ပြစေခြင်း။

(ဂ)     သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာအချက်များနှင့် စပ်လျဉ်းသည့် သဘောထားမှတ်ချက်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တင်ပြခြင်း။

(ဃ)    မြန်မာ့သစ်လုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပါက အဆိုပြုလွှာတွင် အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရပါမည်-

(၁)     ဖက်စပ်လုပ်ငန်းစာချုပ်

(၂)     မြေငှားစာချုပ်

(၃)     သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ

(၄)     ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ

(၅)     အခြားလိုအပ်သည့် စာရွက်စာတမ်းများ

ယေဘုယျအားဖြင့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုသူသည် ဖြစ်နိုင်ခြေလေ့လာ သုံးသပ်ခြင်းကို မြန်မာ့သစ်လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ပါက လုပ်ငန်းများ မြန်ဆန်၊ သွက်လက်ချောမွေ့မည် ဖြစ်ပါသည်။

 

  • မေး-၂၅။ မြန်မာ့သစ်လုပ်ငန်း၏ သာမာန်အသုံးစရိတ် ရန်ပုံငွေသုံးစွဲသည့် လုပ်ငန်း ကို သိလိုပါသည်။
  • ဖြေ-၂၅။ မြန်မာ့သစ်လုပ်ငန်း၏ သာမန်အသုံးစရိတ်ရန်ပုံငွေမှာ ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးခန့်မှန်းခြေ ငွေစာရင်း ဦးစီးဌာနမှ နှစ်စဉ်ဧပြီလတွင် ထုတ်ပြန်သော ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေမှ ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲထားခြင်းဖြစ်ပါ၍ ဆောင်ရွက်သည့် လုပ်ငန်းပမာဏအပေါ်မူတည်၍ ဘဏ္ဍာနှစ်အတွင်း ဖြည့်စွက်ခွင့်ပြုငွေများ တောင်းခံခြင်း၊ လွှဲပြောင်းသုံး စွဲခြင်း၊ ပြန်လည်အပ်နှံခြင်းများကို ဆောင်ရွက်ပါသည်။

 

  • မေး-၂၆။  မြန်မာ့သစ်လုပ်ငန်းသည် မည်သည့်သစ်လုံး တိုင်းတာနည်းစနစ် အသုံးပြုပါသနည်း။
  • ဖြေ-၂၆။  မြန်မာ့အဖိုးတန် သစ်တောသယံဇာတများဖြစ်သော ကျွန်း/သစ်မာ သစ်လုံးများအား တိုင်းတာသည့် နည်းစနစ်သည် ၁၇၃၆ ခုနှစ်တွင် အင်္ဂလိပ် လူမျိုး Mr Edward Hoppus တီထွင် ကျင့်သုံးစေခဲ့သော နည်းစနစ်အတိုင်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါသစ်လုံး တိုင်းတာနည်းကို Hoppus Measure ဟုခေါ်ဆိုပါသည်။ ကျွန်း/သစ်မာ သစ်လုံးများအား တိုင်းတာရာတွင် Hoppus Measure စနစ်ဖြင့် အောက်ပါအတိုင်း တိုင်းတာပါသည်-

(က) သစ်တစ်လုံးချင်းစီ၏ ပေရှည်ကိုထိပ်နှစ်ဖက် အစမှအဆုံးအထိ (ငါးလူး/ နဖါးအပါအဝင်) တိုင်းတာရပါသည်၊ အရှည် (၆) နှင့် အထက်ကို (၁) တိုးယူ၍ (၆) အောက်ကို ထည့်မတွက်ရပါ။

(ခ) သစ်လုံး၏ ခါးလည်လုံးပတ်အား တိုင်းတာရာတွင် ထိုသစ်လုံး ၏ အမှန်တကယ်ရှိသော ပေ/လက်မ ၏အလယ်ဗဟိုတွင် တိုင်းတာရပါသည်။ လုံးပတ် (/)နှင့် အထက်ကို (၁) တိုးယူပြီး၊ (/)အောက်ကို ထည့်မတွက်ပါ။

(ဂ) ပုံသဏ္ဍာန်မမှန်သော သစ်လုံးများနှင့် ခါးလည် လုံးပတ်ပုံမှန် အနေအထား မရှိပါက ခါးလည်မှနေ၍ တစ်ဘက်စီသို့ ညီမျှသော အကွာအဝေး နှစ်နေရာတွင် လုံးပတ် တိုင်းတာ၍ ပျမ်းမျှယူရပါ သည်။

(ဃ) Hoppus Measure အရ သစ်လုံး၏ တန်ပမာဏကို တွက်ချက်ရန်အတွက် အောက်ဖော်ပြပါ ပုံသေနည်းကို အသုံးပြုပါသည်။ သစ်တစ်တန်တွင် ကုဗပေ ၅၀ ရှိသည်ကို အခြေခံ၍ သစ်လုံး၏ တန်ကို တွက်ချက်ပါသည်။