ပတ်ဝန်းကျင်ထိန်းသိမ်းရေး

  • မေး-၁။ အင်းလေးကန်အတွင်း ရေခမ်းခြောက်မှုဖြစ်ပွားရခြင်းရဲ့ အခြေခံအကြောင်း အရင်းများကို သိပါရစေ။
  • ဖြေ-၁။ အင်းလေးကန်ရေခမ်းခြောက်မှုကိုပြန်လည်လေ့လာကြည့်မယ်ဆိုရင် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ ရေအမှတ် (+ ၀.၉)ပေ ဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ ရေ အမှတ် (+ ၀.၈)ပေ ရှိပါတယ်။ ၂၀၁၀ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ (-၂.၀) ပေဖြစ်လာပြီး ၂၀၁၁ ခုနှစ်မှာ (-၀.၈)ပေ ဖြစ်လို့ ပြန်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာလည်း (-၀.၈) ပေဖြစ်လို့ ၂၀၁၁ ခုနှစ်နှင့်အတူတူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ (- ၁.၆) ပေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ခုနှစ်(-၂.၀)ပေထက် ရေပိုများတာကိုတွေ့ရပါတယ်။ အခုလို ရေခမ်းခြောက်မှုအခြေအနေဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းတွေကို သုံးသပ်ရမယ်ဆိုရင်တော့ အခြေခံ အကြောင်းရင်း အတော်များများ တွေ့ရမှာ ဖြစ်ပါတယ်။ အဓိကအကြောင်းရင်း(၂)ခုကတော့ နုန်းတင်အနည်ကျမှုကြောင့် ကန်ကောလာခြင်းနဲ့ မိုးခေါင်ရေရှားမှုတို့ကြောင့် ဖြစ်ပါတယ်။ ကန်ကောလာတာကို ကာကွယ်ဖို့ ကန်အတွင်း နုန်းအနည်မကျအောင် ရေဝေရေလဲဧရိယာတွေမှာ သစ်ပင်သစ်တောတွေ ပြန်လည်စိုက်ပျိုးရမှာဖြစ်သလို နုန်းတား ဆည်တွေ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ မိုးခေါင်ရေရှားမှုကတော့ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ပြဿနာ တစ်ခုဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပြီး လူကထိန်းချုပ်ဖို့ ခက်ခဲတဲ့ပြဿနာ တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ကုလသမဂ္ဂကကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ခြင်းဆိုင်ရာ သဘောတူ ညီချက်စာချုပ်နှင့်အညီ ရာသီဥတုထိန်းညှိရေး (Mitigation) နဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေအပေါ်မှာ တုန့်ပြန်နေနိုင်ရေး (Adaptation) လုပ်ငန်းများဆောင်ရွက်လျက် ရှိပါတယ်။ မိမိတို့နိုင်ငံလဲ အဲဒီလုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။

 

  • မေး-၂။ အင်းလေးကန်ကြီးယိုယွင်းပျက်စီးမှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ စီမံ ဆောင်ရွက်နေတဲ့ လုပ်ငန်းများကို သိလိုပါတယ်။
  • ဖြေ-၂။ အင်းလေးကန်ကြီးပျက်စီးယိုယွင်းမှုမရှိစေရေးအတွက် ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းမှတ်တမ်း အများအပြား ရှိပါတယ်။ ယခုလက်ရှိ အစိုးရအနေနဲ့ ၂၀၁၀ ခုနှစ်ကနေစတင်ပြီးတော့ "အင်းလေးကန်ရေရှည်တည်တံ့ရေးနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေများ ထိန်းသိမ်းရေးကော်မတီ" ဖွဲ့ပြီး အင်းလေးကန် ရေရှည်တည်တံ့ရေးနဲ့ ပတ်ဝန်းကျင်အခြေအနေများထိန်းသိမ်းရေး (၅)နှစ်စီမံချက် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီစီမံချက်ကို အကောင်အထည် ဖော်ခြင်းမပြုမီ စီမံချက်မူကြမ်းကို သက်ဆိုင်ရာပညာရှင်များ၊ NGO များနဲ့ အစိုးရဌာနများအကြားမှာချပြပြီးမှ အတည်ပြု အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ(၅)နှစ်စီမံချက်ကို အထောက်အကူ ပြုဖို့အတွက် နော်ဝေနိုင်ငံအစိုးရနဲ့ UNDP တို့ရဲ့ အကူအညီနဲ့လည်း အင်းလေးကန် ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး (၂)နှစ် စီမံကိန်းကို ၂၀၁၂ ခုနှစ်ကနေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် UNESCO နဲ့ ပူးပေါင်းပြီး အင်းလေးကန်နဲ့ ပတ်ဝန်းကျင်ဒေသကို ဇီဝအဝန်းကြိုးဝိုင်း (Biosphere Reserve)အဖြစ် ထူထောင်ဖို့လုပ်နေသလို UNESCO နဲ့ နော်ဝေနိုင်ငံအစိုးရတို့နဲ့ ပူးပေါင်းပြီး ကမ္ဘာ့အမွေအနှစ်များ စာရင်းဝင်ဒေသ (World Heritage Site)အဖြစ် တည်ထောင် ဖို့လည်း ကြိုးစားလျက်ရှိပါတယ်။ ဆက်လက်ပြီးတော့ ICIMOD နှင့် AFOCO တို့နဲ့ ပူးပေါင်းပြီး ရေဝေရေလဲဧရိယာ များထိန်းသိမ်းရေး၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင် ရွက်သွားဖို့သဘောတူညီထားပါတယ်။

 

  • မေး-၃။ အင်းလေးကန်ရေဝေရေလဲဒေသမှာရှိတဲ့ သစ်တောများပျက်စီးမှုကြောင့် အင်းလေးကန်အတွင်း နုန်းပို့ချမှုအလွန်များပြားတာကို သိရပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် မည်သည့်လုပ်ငန်းများဖြင့် အဆိုပါ အခြေအနေကို တားဆီးဖို့ ဆောင်ရွက်နေပါသလဲ။
  • ဖြေ-၃။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ ရေဝေရေလဲ ဒေသရှိသစ်တောများ ထိန်းသိမ်းဖို့ အင်းလေးကန် ရေရှည် တည်တံ့ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေများ ထိန်းသိမ်းရေး (၅)နှစ် စီမံချက်နှင့်အညီ လုပ်ငန်းခေါင်းစဉ်ကြီး(၅)ခုနှင့် လုပ်ငန်းအမယ်ပေါင်း (၃၀)ခုကို ဆောင်ရွက်နေပါတယ်။ အဓိကလုပ်ငန်း ခေါင်းစဉ်ကြီးတွေကတော့ သဘာဝတောများ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ရေနှင့်မြေဆီလွှာ တိုက်စားမှု ထိန်းသိမ်းကာကွယ်ခြင်း၊ ရွှေ့ပြောင်း တောင်ယာစနစ် ပပျောက်အောင် ဆောင်ရွက်ခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာနက ဌာနရဲ့ ပုံမှန်လုပ်ငန်းတွေဖြစ်တဲ့ သစ်တော စိုက်ပျိုးပြုစုခြင်းနဲ့ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီလုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ အစိုးရဌာန၊ ဒေသခံ ပြည်သူလူထု၊ လူမှု အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊ သတင်း မီဒီယာများ၊ ပုဂ္ဂလိကနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့  ပူးပေါင်း ဆောင်ရွက်မှု မရှိမဖြစ် လိုအပ်ပါတယ်။

 

  • မေး-၄။ အင်းလေးကန်အတွင်းရေလျော့နည်းခမ်းခြောက်မှုကြောင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်နိုင်မှုနှင့် ထိန်းသိမ်းဆောင်ရွက်မည့် အခြေအနေကို သိလိုပါတယ်။
  • ဖြေ-၄။ အင်းလေးကန်အတွင်း ရေလျော့နည်းခမ်းခြောက်မှုကြောင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် အောက်ပါအတိုင်း သက်ရောက်မှုရှိလာပါမည်-

(က) ကုန်းနေသတ္တဝါများ။ အင်းလေးကန်ဘေးမဲ့တောအတွင်းနို့တိုက်သတ္တဝါ ငယ်များ၊ တွားသွားသတ္တဝါနှင့် ကုန်းနေရေနေသတ္တဝါမျိုးစိတ်များအတွက် ဂေဟစနစ်ပျက်စီးမှုနှင့် အတူကျက်စားနယ်မြေများ ပျောက်ဆုံးနိုင်ခြင်း၊ အစာကွင်းဆက်ပျက်စီးမှုကြောင့် မျိုးပွားမှုကိုထိခိုက်လာခြင်းနှင့် ကောင်ရေလျော့ နည်းကျဆင်းခြင်း၊ ကျက်စားနေရာ ပြောင်းရွှေ့ နိုင်ခြင်းများဖြစ်လာပါမည်။

(ခ) ရေနေသတ္တဝါများ။ ငါးအပါအဝင် ရေနေသတ္တဝါမျိုးစိတ်များအတွက် ကျက် စားနေရာများပျက်စီးပျောက်ဆုံးခြင်း၊ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်လာနိုင်ခြင်း၊ အစာကွင်းဆက်များ ပျက်စီးမှု နှင့်အတူ အစာပြတ်လပ်မှု ကြောင့်သေကြေပျက်စီးနိုင်ခြင်း၊ ရေများရာ အင်းလေးကန်အောက်ပိုင်းသို့ စားကျက်ပြောင်းရွှေ့ နေထိုင်ခြင်းကြောင့် ငါးမျိုးစိတ်များ ဖမ်းဆီးရမိမှု နည်းပါးလာနိုင်ခြင်း။

(ဂ) ဆောင်းခိုငှက်နှင့်ဒေသရင်းငှက်မျိုးစိတ်များ။ နှစ်စဉ် ကမ္ဘာ့မြောက်ခြမ်း ဒေသမှ ဆောင်းခိုငှက်များ ကျရောက် ကျက်စားလေ့ရှိပြီး၊ ဒေသရင်းငှက်မျိုးစိတ်များပါ ကျက်စား နေထိုင်မှုကြောင့် ကမ္ဘာ့ ဆောင်းခိုငှက် ပျံသန်းလမ်းကြောင်းတွင် ကျရောက်၍ အရေးပါသည့် ရေတိမ်ဂေဟစနစ် ဖြစ်ခြင်းကြောင့် ရေလျော့နည်း ခမ်းခြောက်မှုနှင့် အတူရေတိမ် ဂေဟစနစ်ကိုပါ ထိခိုက်ပျက်စီးစေသဖြင့် အစာရှားပါးမှု၊ ခိုလှုံကျက်စားရာနေရာများ ပျောက်ဆုံးပျက်စီးမှု တို့ကြောင့် ရေရှည်တွင် ကျရောက်ကျက်စားမည့် ငှက်မျိုးစိတ်များ နည်းပါးလာနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

အဆိုပါ ဂေဟစနစ်နှင့်မျိုးစိတ်များအပေါ်ထိခိုက်မည့် အခြေအနေအား ကာကွယ်ထိန်းသိမ်းရန် အောက်ပါအတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်-

(က) ဂေဟစနစ်ထိန်းသိမ်းခြင်း။ ရေတိမ်ဂေဟစနစ်အတွက် အရေးပါသည့် ကျွန်း မျောရိုင်း၊ ကိုင်းမြက်တောများ၊ ရေဝပ်စိမ့်မြေတောများကို ဘေးမဲ့တောအတွင်း တားမြစ် နယ်မြေများ (Restricted Area) အဖြစ်သတ်မှတ်၍ လူတို့ နှောင့်ယှက်မှု၊ ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်မှု၊ ဖြတ်သန်းသွားလာမှုမပြုစေရေး ပင်မထိန်းသိမ်းရေး ဇုန်နယ်မြေ (Core Zone) အဖြစ် ထိန်းသိမ်းထားရှိပါမည်။ ၎င်းအတွက်လည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် သစ်တောဦးစီးဌာနတို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။

(ခ) ရေသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းခြင်း။ ရေနေသတ္တဝါများကို အလွန်အကျွံဖမ်းဆီးခြင်း၊ သမားရိုးကျ မဟုတ်သည့် ငါးဖမ်းနည်း များဖြင့် တရားမဝင်ငါးဖမ်းဆီးခြင်း၊ ရေပြင်အတွင်းသို့ အဆိပ်အတောက်ဖြစ်စေသည့် ဓာတုဗေဒအဆိပ်သင့်စေသည့် ပစ္စည်းများရောက်ရှိစေခြင်းများကို စစ်ဆေးတားဆီးခြင်းနှင့် ဥပေဒအရတားမြစ်အရေးယူခြင်း၊ ပညာပေးစည်းရုံးလိုက်ပါ ဆောင်ရွက်စေခြင်းများဖြင့် ထိန်းသိမ်းဆောင်ရွက်နေပါတယ်။

(ဂ) စည်းရုံးပညာပေးခြင်း။ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေတိမ်ဂေဟစနစ်တို့သည် လူသားများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ပေးသည်သာမက၊ အပြန်အလှန် အမှီသဟဲ ပြုနေခြင်း၊ ရာသီဥတု ထိန်းညှိပေးရေးအတွက် အထောက်အကူပြုခြင်း၊ သဘာဝပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်မှုအတွက် ပြယုဂ်အညွှန်း သင်္ကေတ Biological Indicator ဖြစ်ခြင်း၊ အင်းလေး ကန်၏ ဘူမိရူပထူးခြားသည့် သဘာဝပတ်ဝန်းကျင်အခြေအနေကောင်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်၊ တိုင်းရင်းသားဓလေ့ထုံးစံများကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားပြီး စိတ်ဝင်စားစွာလာရောက် ကြည့်ရှုရသည့် သဘာဝအခြေခံခရီးသွားလုပ်ငန်း နေရာဖြစ်ခြင်းကြောင့် ရေရှည်တည်တံ့စေ ရေးထိန်းသိမ်းရန် ပညာပေး စည်းရုံးမှုများကို နယ်ပယ်စုံပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။

 

  • မေး-၅။ ဟိုတယ်ဇုန်သတ်မှတ်ထားသော်လည်းအင်းလေးကန်အတွင်း ဟိုတယ်ဆောက်လုပ် ခွင့်ပြုခြင်းကိစ္စနဲ့ စပ်လျဉ်း၍သိလိုပါတယ်။
  • ဖြေ-၅။ နိုင်ငံတော်အစိုးရခွင့်ပြုချက်ဖြင့် အင်းလေးကန်ဒေသရှိ ဘေးမဲ့တောအပါအဝင် သစ်တောမြေများအတွင်းမှ ဟိုတယ်(၃၀)ခုကို ယခင်ဘေးမဲ့တော မသတ်မှတ်မီ ကာလ အတွင်းက ဖွင့်လှစ်ခဲ့ခြင်း၊ ဆောက်လုပ်ရန် လျှောက်ထားခြင်း တို့အရစိစစ်၍ ဟိုတယ်/ခရီးဝန်ကြီးဌာနနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့မှ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့ခြင်း ရှိပါတယ်။ ၎င်းအနက် ဟိုတယ်(၁၆)ခု ဧရိယာအားဖြင့် (၃၅၈.၉၉)ဧကကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်၍ ကျန်(၁၄)ခုကို သစ်တောမြေ မပယ်ဖျက်ပဲ နှစ်ရှည် မြေငှားရမ်းမှုစနစ်ဖြင့် နိုင်ငံတော်မှ ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ အသစ်ထပ်မံ လျှောက်ထားလာသည့် ဟိုတယ်တည်ဆောက်ခွင့်များကို ထပ်မံခွင့်ပြုခြင်းမရှိပဲ ဟိုတယ်ဇုန်မြေနေရာတွင်သာ တစ်စုတစ်စည်း တည်းတည်ဆောက်ဖွင့်လှစ် ခွင့်ပြုပေးလျက် ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတကြီး၏ အင်းလေးကန် နှင့်ပတ်သက်၍ အင်းလေးကန် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးအတွက် ကန်စပ်များတွင် ဟိုတယ်လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများအား ထပ်မံ ခွင့်ပြုခြင်း မပြုရန်၊ ကန်ဧရိယာအပြင်ဘက် သဘာဝဝန်းကျင်ကို မထိခိုက်စေသောနေရာ၊ ကန်အတွင်းသို့ သွားရန်လွယ်ကူသောနေရာ၊ နေရာအနှံ့မဟုတ်ဘဲ ဇုန်သဘောမျိုး ခွင့်ပြုရန်ဆိုသည့် လမ်းညွှန်ချက်အရ အင်းလေးကန် အရှေ့ဘက်ခြမ်း သစ်တောကြိုးဝိုင်းမြေ အတွင်းမှ (၆၂၂) ဧကကို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ဖော်ထုတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အင်းလေးကန်ရေစပ်တွင် ဆောက်လုပ်နေသည့် ဟိုတယ်များမှာလည်း ဟိုတယ်ဆောက်လုပ်ခွင့်များ အသစ်ထပ်မံ ချပေးထားခြင်းမဟုတ်ဘဲ ယခင် သစ်တောရေးရာဝန်ကြီးဌာန လက်ထက်ကပင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ဤဝန်ကြီးဌာနတို့သို့ လျှောက်ထားခဲ့ကြခြင်းဖြစ်ပြီး မြေအသုံးချမှု ကွင်းဆင်းတိုင်းတာစိစစ်ပြီးမှ ခွင့်ပြုပေးထားပြီး လုပ်ငန်းများ ဖြစ်ပါတယ်။ အသစ်ထပ်မံ ခွင့်ပြုသည့် ဟိုတယ်များမဟုတ်ဘဲ လုပ်ငန်းရှင်များဖက်မှလည်း ဟိုတယ်လုပ်ငန်း တည်ဆောက်ခွင့် ရရှိပြီးဖြစ်၍ အကြောင်း အမျိုးမျိုးကြောင့် ယခုအချိန်မှသာဝင်ရောက် ဆောက်လုပ်နေကြသည့် ဟိုတယ်တစ်ချို့ကို တွေ့မြင်ရခြင်းဖြစ်ပါတယ်။ သစ်တောဦးစီးဌာနနှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့တို့မှ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အမြဲစစ်ဆေး ကြပ်မတ်နေပါတယ်။

 

  • မေး-၆။ ရေဝေရေလဲဒေသဆိုတာဘာလဲ။
  • ဖြေ-၆။ ရေဝေရေလဲဒေသတစ်ခုဆိုတာ မြစ်၊ ချောင်း၊ ကန်၊ ဆည် တစ်ခုခုအတွင်းသို့ ပေါင်းဆုံစီးဝင် သောရေများ၏ အရင်းခံရာနေရာဒေသတစ်ခုဖြစ်ပါတယ်။ ရေဝေရေလဲဒေသ တစ်ခုကို ယေဘူယျအားဖြင့် ရေဝေကုန်းကြောများဖြင့် ပိုင်းခြားသတ်မှတ်လေ့ရှိပါတယ်။ ချောင်းငယ်များအတွင်းသို့စီးဝင်သော ရေဝေရေလဲ ဧရိယာအငယ်စားများ အချင်းချင်း စုပေါင်း၍ ပိုမိုကြီးမားသော ရေဝေရေလဲဒေသဖြစ်လာကာ ကြီးမားသောချောင်းများနှင့် မြစ်များအတွင်း သို့စီးဝင်ကြပြီး စတုရန်းကီလိုမီတာ‌ မြောက်မြားစွာ ကျယ်ဝန်းသော ရေဝေရေလဲဒေသကြီးများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဲဒီလို စတုရန်းကီလိုမီတာ‌ မြောက်မြားစွာ ကျယ်ဝန်းသော ရေဝေရေလဲဒေသများ ပေါင်းစပ်ခြင်းဖြင့် ကြီးမားသော မြစ်ချောင်းကြီးများ၏ ရေဆင်းဒေသများ ဖြစ်ပေါ်လာပါတယ်။

 

  • မေး-၇။ မြစ်ဝှမ်းဒေသတစ်ခုအတွင်း ရေဝေရေလဲဒေသအငယ်စားများ (Micro Watershed) သတ်မှတ်ထားခြင်း နမူနာပြပုံ
  • ဖြေ-၇။ အရိုးရှင်းဆုံး ဥပမာပေးရမယ်ဆိုလျင် ဧရာဝတီမြစ်ကြီးရဲ့ရေဆင်းဒေသမှာ မေခမြစ်၊ မေလိခ မြစ်၊ တာပိန်မြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ် တို့ရဲ့ ရေဝေရေလဲဒေသများ ပါဝင်ပါတယ်။  အဲဒီလိုဘဲ ချင်းတွင်းမြစ် ရေဝေရေလဲဒေသမှာ ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်သော မြစ်ချောင်းများ (ဥပမာ- ဥရုချောင်း)ရဲ့ ရေဝေရေလဲဒေသများ ပါဝင်ပါတယ်။ အဲဒီလိုပါဘဲ ဥရုချောင်း ရေဝေရေလဲဒေသမှာ ဥရုချောင်းအတွင်းသို့ စီးဝင်သော ချောင်းငယ်များရဲ့ ရေဝေရေလဲဒေသများ ပါဝင်မှာ ဖြစ်ပါတယ်။

 

  • မေး-၈။     ရေဝေရေလဲဒေသတစ်ခုအတွင်းမှာ ဘာတွေ ပါဝင်သလဲ။
  • ဖြေ-၈။ ရေဝေရေလဲဒေသတစ်ခုအတွင်းမှာပါဝင်တဲ့အရာတွေကို အခြေခံအားဖြင့် (၂)ပိုင်းခွဲခြားနိုင် ပါတယ်။ ပထမတစ်ပိုင်းကတော့ သဘာဝသယံဇာတများဖြစ်ပါတယ်။ သဘာဝ သယံဇာတလို့ ဆိုတဲ့ နေရာမှာတော့ သက်ရှိ/ သက်မဲ့ (၂)မျိုးပါဝင်ပြီး ဥပမာအားဖြင့် ပြောရမယ်ဆိုရင် သစ်တော၊ သစ်ပင်အမျိုးမျိုးနဲ့ ၄င်းတို့ ပေါ်မှာမှီတင်းနေထိုင်ကြတဲ့ တောရိုင်း တိရစ္ဆာန်နဲ့ ဇီဝမျိုးစုံမျိုးကွဲတို့ဖြစ်ပါတယ်။ ဒုတိယအပိုင်းကတော့ ရေဝေရေလဲဒေသအတွင်း အခြေချ နေထိုင်တဲ့ လူသားများအပါအဝင် လူသားများဖန်တီးပြုပြင်ထားတဲ့ သက်ရှိ/ သက်မဲ့ အရာအားလုံးပါဝင်ပါတယ်။ ဥပမာ-စိုက်ပျိုးမြေများ၊ မွေးမြူထားသောတိရစ္ဆာန်များနှင့် စိုက်ပျိုး ထားသော အပင်များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ မြို့ပြအိမ်ရာဒေသများ၊ လမ်းတံတားများ စသည်တို့ဖြစ်ပါတယ်။

 

  • မေး-၉။ ရေဝေရေလဲဒေသတွေကို စီမံအုပ်ချုပ်ခြင်း ဘယ်လို စတင်ခဲ့ပါသလဲ
  • ဖြေ-၉။ သဘာဝ ရေဝေရေလဲဒေသတစ်ခုအတွင်းမှာ လူသားတို့၏ ပြုမူဆောင်ရွက်မှုများကြောင့် သဘာဝသယံဇာတများ ပြုန်းတီးပျက်စီးလာပြီး မြေတိုက်စားမှုများဖြစ်ပေါ်လာကာ မြစ် ချောင်းများတစ်လျှောက် နုန်းပို့ချခြင်းများဖြစ်စေခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့  မြစ် ချောင်းကန်များ တိမ်ကောလာပြီး မိုးတွင်းအခါကာလများတွင်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ် စေပါတယ်။ ဒီလို ရေကြီးရေလျှံခြင်းများကြောင့် ဖြစ်ပေါ်လာမဲ့ အသက်အိုးအိမ်စည်းစိမ်များ၊ ပျက်စီးဆုံးရှုံးမှုများ ကာကွယ်ရန်အတွက် ရေဝေရေလဲဒေသများကို စနစ်တကျ စီမံအုပ်ချုပ် ရန်လိုအပ်ကြောင်း အသိအမှတ်ပြုရာမှစတင်ပြီး ရေဝေရေလဲဒေသစီမံအုပ်ချုပ်ခြင်း စတင် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ 

 

  • မေး-၁၀။ ရေဝေရေလဲဒေသစီမံအုပ်ချုပ်ခြင်းလုပ်ငန်းစဉ်တွေမှာ ဘာတွေ ပါရှိပါသလဲ
  • ဖြေ-၁၀။ ရေဝေရေလဲဒေသစီမံအုပ်ချုပ်ရာမှာ အဓိကထည့်သွင်းစဉ်းစားရမဲ့ အချက်(၆)ချက်ရှိပါတယ်။ အဲဒါတွေကတော့

(၁)မြေဆီလွှာအမျိုးအစား၊

(၂)မြေမျက်နှာသွင်ပြင် အနေအထား၊

(၃) မြေဆီလွှာ ဖုံးအုပ်ထားရှိမှုအခြေအနေ၊

(၄) မြေအသုံးချမှုအခြေအနေ၊

(၅) ဒေသအတွင်း လူဦးရေ၊

(၆) အသက်မွေးဝမ်းကြောင်းမှုပုံစံ တို့ဖြစ်ပါတယ်။

အဲဒီအချက် (၆)ချက် အပေါ်မှာ မူတည်ပြီးတော့ ရေဝေရေလဲဒေသ အတွင်းမှာရှိတဲ့ သက်ရှိသက်မဲ့သဘာဝသယံဇာတ အရင်းအမြစ်များ ထာဝစဉ်ဖွံ့ဖြိုး တိုးတက်အောင် စီမံခန့်ခွဲခြင်း ဆိုင်ရာ လုပ်ငန်းများအားလုံးဟာ ရေဝေရေလဲဒေသ စီမံအုပ်ချုပ်ခြင်း လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ အဲလိုစီမံအုပ်ချုပ်တဲ့နေရာမှာ မြစ်ချောင်းများရဲ့ ရေဦးရေဖျားဒေသများမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေများ မပျက်စီးမယိုယွင်းစေရေးအတွက် ဦးစားပေးဆောင်ရွက်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဒေသများဟာ မြစ်ချောင်းတစ်ခုအတွင်းမှာ စီးဆင်းမဲ့  ရေပမာဏ၊ ရေစီးနှုန်း၊ ရေအရည်အသွေး စသည်တို့အပေါ်မှာ ကောင်းကျိုးဆိုးကျိုးကို ဖြစ်ပေါ်စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

 

  • မေး-၁၁။ ရေဝေရေလဲဒေသ ပျက်စီးရတဲ့အကြောင်းအရင်းတွေကို သိလိုပါတယ်
  • ဖြေ-၁၁။ အခြေခံအားဖြင့်အကြောင်းရင်း(၂)ခုရှိပါတယ်။ ပထမအချက်ကတော့ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ မိုးအလွန်အကျွံ ရွာသွန်းခြင်း၊ မိုးခေါင်ခြင်းတို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ လူသားတွေရဲ့ ပယောဂကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် တိုးတက် လာသောလူဦးရေအတွက် သီးနှံထုတ်လုပ်ရန် စိုက်ပျိုးမြေချဲ့ထွင်မှုကြောင့်  ရေဝေရေလဲထိန်းတောများ ယုတ်လျော့လာခြင်း၊ ထင်း၊ မီးသွေးစသည့် လောင်စာ ထုတ်လုပ်မှုကြောင့် သစ်တောပြုန်းတီးခြင်းနှင့် အရည်အသွေးကျဆင်းခြင်း၊ ရွေ့ပြောင်းတောင်ယာကြောင့် သစ်တောများ ပျက်စီးပြုန်းတီးခြင်း၊ မြေဆီလွှာ တိုက်စားမှုများဖြစ်ခြင်း၊  စနစ်မကျသော စီးပွားဖြစ်သစ်ထုတ်လုပ်မှုကြောင့် သစ်တောအရည်အသွေးကျဆင်းခြင်း၊ တောမီးလောင်မှုကြောင့် မြေဆီလွှာအကာအကွယ်မဲ့ခြင်း၊ မြေဆီလွှာ တိုက်စားမှုဖြစ်စေသော မြေအောက် သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်းနှင့် စနစ်မကျသော လမ်းဖောက်လုပ်ခြင်း စသည်တို့ကြောင့် ရေဝေရေလဲဒေသများပိုမိုပျက်စီး ပြုန်းတီးမှုဖြစ်ပေါ်စေခြင်းတို့ပဲဖြစ်ပါတယ်။

 

  • မေး-၁၂။  ရေဝေရေလဲဒေသများပျက်စီးခြင်းကြောင့် မည်သို့သောဆိုးကျိုးများဖြစ်နိုင်ပါသလဲ
  • ဖြေ-၁၂။ ရေဝေရေလဲဒေသပျက်စီးခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဇီဝ မျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးခြင်း၊ မြေဆီလွှာတိုက်စားပြုန်းတီးခြင်း၊ မြေအောက် ရေလွှာဆုတ်ယုတ်ခြင်း၊ မြစ်ချောင်းများအတွင်း ရေလမ်းကြောင်းများကျဉ်းလာခြင်းနှင့် တိမ်ကောလာခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းပါက ရေကြီးခြင်းနှင့် ခြောက်သွေ့ ရာသီတွင် ရေရှားပါးမှုများ ဖြစ်ပေါ်ခြင်း၊  ‌မြေနိမ့်ဒေသများရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ဆည်/ တမံ များတွင် သဲ နုန်း အနည်အနှစ်များ ပို့ချတိမ်ကောခြင်း၊ နွေရာသီတွင် စိမ့်စမ်းများ ခမ်းခြောက်ပြီး ရေရှားခြင်း စသည်တို့ကို ခံစားရမှာ ဖြစ်ပါတယ်။ အဲဒီလို သဘာဝဝန်းကျင် ပျက်စီးမှုသာမက သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်နေလျက်ရှိသော လူမှုစီးပွားရေး ထိခိုက်နစ်နာမှုများကိုပါ တဆက်တည်း ခံစားရမှာဖြစ်ပြီး အဆုံးမှာတော့ စားနပ်ရိက္ခာ ရှားပါးလာခြင်း၊ အလုပ်အကိုင်များ နည်းပါးလာခြင်းတို့နဲ့အတူ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုများကိုပါ တွေ့ကြုံခံစားလာရမှာ ဖြစ်ပါတယ်။

 

  • မေး-၁၃။ မြန်မာနိုင်ငံရဲ့ ရေဝေရေလဲဒေသများကို သိလိုပါတယ်
  • ဖြေ-၁၃။ မြန်မာနိုင်ငံမှာ အဓိကအားဖြင့် ရေဝေရေလဲဒေသကြီး (၆)ခုရှိပါတယ်။ အဲဒါတွေကတော့ ဧရာဝတီ/ ချင်းတွင်းမြစ်ဝှမ်းဒေသ၊ ရခိုင်ကမ်းရိုးတန်းဒေသ၊ စစ်တောင်း မြစ်ဝှမ်းဒေသ၊ သံလွင်မြစ်ဝှမ်းဒေသ၊ တနင်္သာရီကမ်းရိုးတန်းဒေသနဲ့ မဲခေါင်မြစ်ဝှမ်းဒေသတို့ပဲ ဖြစ်ပါတယ်။ အသေးစိတ်ပြောရမယ်ဆိုရင်တော့ ဧရာဝတီချင်းတွင်းမြစ်ဝှမ်း ဒေသဟာ စတုရန်းကီလိုမီတာ (၄)သိန်းကျော် ကျယ်ဝန်းပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေဝေရေလဲဒေသကြီး ဖြစ်ပါတယ်။ ဒုတိယအကြီးဆုံးကတော့ ဧရိယာစတုရန်းကီလိုမီတာ (၁)သိန်း(၅)သောင်းကျော် ကျယ်ဝန်းတဲ့ သံလွင်မြစ်ဝှမ်းဒေသ ဖြစ်ပါတယ်။ ပဲခူးမြစ်ဝှမ်းဒေသကတော့ စတုရန်းကီလိုမီတာ (၅)ထောင်ကျော် ကျယ်ဝန်းပြီး အသေးဆုံး ရေဝေရေလဲ ဒေသတစ်ခု ဖြစ်ပါတယ်။

 

  • မေး-၁၄။ ရေဝေရေလဲဒေသထိန်းသိမ်းရေးဆောင်ရွက်မှုများ
  • ဖြေ-၁၄။ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ အရွယ်အစား သေးသည်/ ကြီးသည် မခွဲခြားပဲ စနစ်တကျ စီမံအုပ်ချုပ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးကို ၁၉၁၅ ခုနှစ်မှစတင်ပြီး  ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စဉ်ဆက်မပြတ် မြေယာအသုံးပြုနိုင်ရေး ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံစိုက်ပျိုးရေးဌာနက စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက်  ဒုတိယကမ္ဘာစစ်မတိုင်မီအထိ ပင်းတယ၊ ပင်လောင်း၊ ကလောမြို့နယ်များမှာ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါတယ်။ လွတ်လပ်ရေး ရပြီးကာလမှာလည်း မြေယာထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းပြီး (၅)နှစ် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်၊ ရှမ်းပြည်နယ် မြေကာကွယ်ပြုစုရေး အက်ဥပဒေကို ထုတ်ပြန်ပြီး ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။ ၁၉၆၂ ခုနှစ်မှာ မြေဆီလွှာ ထိန်းသိမ်းရေးယူနစ်ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာတော့ ကြက်မောက်တောင်ဆည်ရဲ့ ရေဝေရေလဲဒေသဖြစ်တဲ့ ပုပ္ပါးတောင်သစ်တော ပြန်လည်ထူထောင်ရေးကို သစ်တောဌာနက ပထမဆုံး စနစ်တကျ စီမံကိန်းရေးဆွဲ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာနကို သစ်တောဦးစီးဌာန၏ ဌာနခွဲတစ်ခုအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေဝေရေလဲဒေသများ ထိန်းသိမ်းကာကွယ်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံတစ်လျားရှိ တည်ဆောက်ပြီးဆည်များ၏ ရေဝေရေလဲ ဒေသများထိန်း သိမ်းကာကွယ်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ရေကန်၊ ရေထွက်နဲ့ ချောင်းများရဲ့ ရေဝေရေလဲဒေသများမှာရှိတဲ့ သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ရေးကို ၂၀၀၁ ခုနှစ်မှစတင်ပြီး (၅)နှစ်စီမံကိန်းရေးဆွဲ ဆောင်ရွက်လာတာ ယခု ၂၀၁၃ ခုနှစ်ဆိုလျှင် တတိယ (၅)နှစ် စီမံကိန်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။

 

  • မေး-၁၅။ သစ်တောဦးစီးဌာနအနေနဲ့ အင်းလေးကန်ထိန်းသိမ်းရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရပါတယ်။ အင်းလေးကန်ရဲ့ ရေဝေရေလဲထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မှု ကိုလည်း သိချင်ပါတယ်။
  • ဖြေ-၁၅။ အင်းလေးကန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာ ကုန်းမြင့်ဒေသ ရေအိုင်ကြီး ဖြစ်ပါတယ်။ အာဆီယံယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ သစ်တောဦးစီးဌာန အနေနဲ့ ဒီအင်းလေးကန် မိုင်(၂၀) ဝန်းကျင် သစ်တော၊ ရေ၊ မြေ၊ သားငှက် ကာကွယ်ထိန်းသိမ်းရေးကို ၂၀၀၀-၂၀၀၁ ခုနှစ်ကစပြီး (၅)နှစ်စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်။ အဓိကကတော့ အင်းလေးကန်ရဲ့ ရေဝေရေလဲဒေသမှာ သစ်တောများ ပြုန်းတီးခြင်းနဲ့ စိုက်ပျိုးရေးနည်းစနစ်များ မမှန်ကန်ခြင်း တို့ကြောင့် မြေဆီလွှာတိုက်စားပြီး အင်းလေးကန်ထဲကို စီးဝင်တဲ့ချောင်းများကနေ နုန်းမြေများ အနည်ကျပြီး ကန်ကြီးတိမ်ကောလာရပါတယ်။ ဒါကြောင့် အင်းလေးကန် ရေရှည်တည်တံ့စေဖို့ သစ်တောဦးစီးဌာနအနေနဲ့ ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး ဘက်စုံစီမံကိန်းတစ်ရပ်ကို ဆောင်ရွက်လျက်ရှိပါတယ်။

 

  • မေး-၁၆။ အဲဒီစီမံကိန်းမှာဆောင်ရွက်တဲ့လုပ်ငန်းများကို သိလိုပါတယ်
  • ဖြေ-၁၆။ သစ်တောဦးစီးဌာနအနေနဲ့ အဓိကဆောင်ရွက်နေတဲ့လုပ်ငန်းကြီးများကတော့ အင်းလေးကန် ရေဝေရေလဲဒေသအတွင်းရှိ သဘာဝတောကျန်များထိန်းသိမ်းခြင်း၊ သစ်ပင်များပြန်လည် စိုက်ပျိုးခြင်း၊ မြေဆီလွှာတိုက်စားမှုထိန်းသိမ်းကာကွယ်ခြင်း၊ အသိပညာပေးခြင်း၊ သားငှက် တိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ခြင်းတို့ပဲဖြစ်ပါတယ်။ အဓိကနဲ့အရေးကြီးလုပ်ငန်း ကတော့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းတည်ထောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်း အောင်မြင်ဖို့အတွက် သမဝါယမဦးစီးဌာနနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်သူများအား အသေးစားချေးငွေထုတ်ပေးခြင်းကို ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အတွက် ရေတိုကာလလေး အတွင်းမှာပဲ တိုးတက်မှုများကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

 

  • မေး-၁၇။ အင်းလေးကန် ရေဝေရေလဲဒေသအား စီမံအုပ်ချုပ်ရာမှာ အဓိကကျတဲ့အချက်များကို ရှင်းပြပေးပါ။
  • ဖြေ-၁၇။ အင်းလေးကန်ရေဝေရေလဲဒေသကို စီမံအုပ်ချုပ်တဲ့နေရာမှာ အဓိကအရေးကြီးတဲ့ အချက် (၂)ချက် ရှိပါတယ်။ ပထမအချက်ကတော့ ဇုံနယ်နိမိတ်များ ပိုင်းခြား သတ်မှတ်ခြင်းဖြစ်ပြီး ဒုတိယအချက်ကတော့ အင်းလေးကန်ဒေသမှာရှိတဲ့ အကျိုးဆက်စပ်ပတ်သက်သည့် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်များ အားလုံးပါဝင်တဲ့ စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ် တစ်ခုအဖြစ် ရောက်ရှိအောင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဇုံနယ်နိမိတ်များ ပိုင်းခြားသတ်မှတ်ရတဲ့ရည်ရွယ်ချက်ကတော့ အင်းလေးကန် ရေဝေရေလဲဒေသအတွင်းရှိ မတူကွဲပြားတဲ့ မြေမျက်နှာသွင်ပြင် အနေအထားများနှင့် လိုက်လျောညီထွေဖြစ်စေမဲ့လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ဥပမာ- ရေဦးရေဖျားဇုံများတွင် သဘာဝ တောကျန်များ ထိန်းသိမ်းခြင်း၊ ကွက်လပ်ဖြည့်စိုက်ခင်းများ စိုက်ပျိုးခြင်း၊ ကြားခံဇုံများတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ကျေးရွာသုံးထင်း စိုက်ခင်းများ တည်ထောင်ခြင်း စသည်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် စီမံချက်များရေးဆွဲတဲ့နေရာမှာ ဒေသအတွင်းမှာ နေထိုင်ကြသူတွေရဲ့ ရိုးရာဓလေ့စရိုက်နဲ့ အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်း များအပေါ် မူတည်ပြီး ထည့်သွင်း စဉ်းစားခြင်းများလည်း ရှိပါတယ်။

 

  • မေး-၁၈။ သစ်တောဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်ဝန်းကျင်မှာ ဆောင်ရွက်နေတဲ့ ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများကို ပြောပြပေးပါ။
  • ဖြေ-၁၈။ ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ နေပြည်တော်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူများ၊ ဝန်ထမ်းများအတွက် အဓိကရေပေးဝေနေတဲ့ ချောင်းမကြီးဆည်၊ ရေဆင်းဆည်၊ ရန်အောင်မြင်ဆည်နှင့် ငလိုက်ဆည်များရဲ့ ရေဝေရေလဲဧရိယာများ ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်နေပါတယ်။  အဓိကကတော့ သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာရေးနဲ့ ဆည်အတွင်း နုန်းပို့ချမှုလျော့ချရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးကို အဓိကထား ဆောင်ရွက်နေပါတယ်။ ၂၀၀၁-၂၀၀၂ ခုနှစ်မှ ယနေ့အချိန်ထိ ရေဝေရေလဲ စိုက်ခင်း (၃၂၀၀) ဧကနဲ့ သဘာဝတော ထိန်းသိမ်းခြင်း (၃၃၉၈၃) ဧက ဆောင်ရွက်ပြီးဖြစ်ပါတယ်။

 

  • မေး-၁၉။ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းကိုလည်း ရှင်းပြစေချင်ပါတယ်။
  • ‌ဖြေ-၁၉။ မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်းမပြောခင် မြေဆီလွှာ တိုက်စားခြင်းအကြောင်းကို အနည်းငယ် ရှင်းပြလိုပါတယ်။ မြေဆီလွှာတိုက်စားရတဲ့ အဓိက အကြောင်းရင်း (၂)ခုရှိပါတယ်။ ရေကြောင့် မြေဆီလွှာ တိုက်စားခြင်းနဲ့ လေကြောင့် မြေဆီလွှာ တိုက်စားခြင်း တို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အများစု ကြုံတွေ့နေရတဲ့ မြေဆီလွှာ တိုက်စားခြင်းကတော့ ရေကြောင့်ဖြစ်ပါတယ်။ ရေကြောင့် မြေဆီလွှာ တိုက်စားတဲ့ဖြစ်စဉ်ကို ပြောပြရမည်ဆိုလျှင် ပထမဦးဆုံး မိုးရေစက်များ မြေဆီလွှာပေါ်သို့ တိုက်ရိုက်ကျရောက်ပြီး သေးငယ်သော မြေစိုင်မြေခဲငယ်ကလေးများ လွင့်စင်ဖြာထွက်ခြင်း၊ မိုးရေစီးဆင်းမှုနှင့်အတူ အဆိုပါ မြေစိုင်မြေခဲ ကလေးများကို သယ်ဆောင်သွားခြင်း၊ ထိုကဲ့သို့သယ်ဆောင်သွားရာတွင် အောက်ခံမြေလွှာအား ပွတ်တိုက်စားခြင်းနှင့် ရေစီးနှုန်းကျဆင်းမှုနှင့်အတူ ၄င်းမြေစိုင်မြေခဲ ကလေးများ ချောင်း၊ မြောင်းနဲ့ မြစ်များအတွင်း  အနည်ကျစေခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့နေရာမှာ ဒီဖြစ်စဉ်ကို အခြေခံစဉ်းစားပြီး ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ မြေဆီလွှာတိုက်စားခြင်းဟာ တောင်ကုန်းတောင်တန်းမှာရှိတဲ့ ရေဝေရေလဲဒေသများမှာ အလွန်ဆိုးဝါးစွာ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေဟာ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းတဲ့ သဘာဝအရ မြေမျက်နှာသွင်ပြင် မတ်စောက်တဲ့နေရာများမှာ အရှိန်အဟုန်ပြင်းစွာဖြင့် စီးဆင်းတဲ့အတွက်ကြောင့် တိုက်စား သယ်ဆောင်ခြင်း ဖြစ်စဉ်ကို ပိုမိုအားပေးရာ ရောက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်း (၂)မျိုး ရှိပါတယ်။ အဲဒါတွေကတော့ ဆောက်လုပ်ရေး အင်ဂျင်နီယာနည်းနဲ့ ထိန်းသိမ်းခြင်းနှင့်  ဇီဝအင်ဂျင်နီယာနည်းနဲ့ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးအင်ဂျင်နီယာနည်းကတော့ ရေလွှဲမြောင်းပြုလုပ်ခြင်း၊ ရေစိမ့်မြောင်း ပြုလုပ်ခြင်း၊ ကွန်တိုကန်သင်းကန့်ပြုလုပ်ခြင်း၊ နုန်းထိန်းတမံငယ်များတည်ဆောက်ခြင်းတို့ ပါဝင်ပါတယ်။ ဒီနည်းနဲ့ မြေဆီလွှာတိုက်စားမှုကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်နိုင်ပေမဲ့ ကုန်ကျစရိတ် အလွန်များပါတယ်။ နောက်တနည်းဖြစ်တဲ့ ဇီဝအင်ဂျင်နီယာနည်းကတော့ သက်ရှိ သစ်ပင်များရဲ့ ရှင်နိုင်မဲ့သစ်ကိုင်းသစ်ခက်နဲ့ သစ်ပင်များစိုက်ပျိုးပြီး မြေဆီလွှာ ထိန်းသိမ်းကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ ကုန်းစောင်းနဲ့ ရေစီးဆင်းရာ လမ်းတစ်လျှောက်မှာ ငုတ်တက်ထွက်လွယ်တဲ့ သစ်ကိုင်းစည်းများ မြုပ်ပေးခြင်း၊ ဝါးပင်များ စိုက်ပျိုး ပေးခြင်းတို့ ဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာပြီး တောင်သူများ အလွယ်တကူ လုပ်ကိုင်နိုင်တဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နည်းလမ်း(၂)ခုစလုံးဟာ မြေဆီလွှာ တိုက်စားခြင်းဖြစ်စဉ်တွင် တိုက်စားသယ်ဆောင်ခြင်းအဆင့်မှ စတင်၍ ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ အကောင်းဆုံးနည်းကတော့ အပေါ်ယံမြေဆီလွှာကို မိုးရေစက်တို့ တိုက်ရိုက်မကျရောက်နိုင်အောင် သစ်တောသစ်ပင်များ ဖုံးလွှမ်းနိုင်ရေး စီမံအုပ်ချုပ်ခြင်းဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။