ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တာချီလိတ်မြို့နယ်၊ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ ကျရောက်ဖုံးလွှမ်းမှုအခြေ အနေကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၆ ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော်မှ တာချီလိတ်မြို့သို့ ရောက်ရှိသည်။ တာချီလိတ်မြို့အတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ကျရောက်ဖုံးလွှမ်းမှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ခံများနှင့် တွေ့ဆုံကာ အစည်းအဝေးကျင်းပ ပြုလုပ်ကြောင်းသိရသည်။

အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက မြန်မာ−ထိုင်းနယ်နိမိတ် ဖြစ်သည့် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့များတွင် နှစ်စဉ်ပွင့်လင်းရာသီရောက်တိုင်း တောင်ယာမီးရှို့မှုများကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်မှုအခြေအနေ၊ ၂၀၁၉ ခုနှစ်၊ မတ်လ လယ်တွင် မီးခိုးမြူငွေ့ကျရောက်မှုကြောင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကျင်းပပြုလုပ်၍ လေထုညစ်ညမ်းမှုလျော့ကျစေရေးဆောင်ရွက်ခဲ့သည့် အစီအမံများ၊ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းအတွင်း မီးခိုးမြူမှုန်လျော့ပါရေး နားနေစခန်း ဖွင့်လှစ် ဆောင်ရွက်ထားရှိမှုနှင့် ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှု၊ ကျန်းမာရေးဝန်ဆောင်မှု အခြေအနေတို့ကို တင်ပြသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှလည်း တာချီလိတ်မြို့တွင် လေထုအရည်အသွေး အညွှန်းကိန်းတိုင်းတာရေးစက်ဖြင့် တိုင်းတာဆောင်ရွက်မှု တွေ့ရှိချက်နှင့် ဆောင်ရွက်ရန် အစီအစဉ်နှင့် အခြားဆက်စပ်ဌာနများကလည်း မိမိတို့ဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို တင်ပြသည်။

တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှစ၍ မီးခိုးမြူငွေ့ ကျရောက်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လေထုအညွှန်းကိန်းတိုင်းတာရေး စက်ဖြင့်တိုင်းတာဆောင်ရွက်ခဲ့ရာ မတ်လ ၁၆ ရက်နှင့် ၁၇ ရက်များတွင် လေထုအရည်အသွေးညွှန်းကိန်း PM10 ၃၀၂ နှင့် ၂၇၆ အသီးသီးရောက်ရှိခဲ့ပြီး နောက်ရက်များတွင် ပြန်လည်ကျဆင်းခဲ့သော်လည်း မတ်လ ၃၁ ရက်နေ့တွင် ၅၀၂ ထိအမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ညွှန်းကိန်း ၃၀၀ နှင့်အထက်ကို ဘေးအန္တရာယ်အရှိဆုံးအဆင့်အဖြစ် သတ်မှတ်ထားရှိသည်။ ဧပြီလပထမပတ်တွင် လေထုအရည်အသွေး ညွှန်းကိန်းတဖြည်းဖြည်း လျော့ကျဆင်းလာကြောင်းသိရသည်။ တိုင်းတာချက်များအရ လေထုအတွင်း အမှုန်ပါဝင်မှုများပြားသော်လည်း လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ဆာလဖာဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနော့ဆိုဒ်နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်များ ပါဝင်မှုနည်းပါးကြောင်းသိရသည်။ တိုင်းတာမှုများကို ၂၄ နာရီပတ်လုံး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်၌ လေထုအညွှန်းကိန်း တိုင်းတာရေးစက် အသစ်တစ်လုံးထပ်မံဝယ်ယူပြီးပါက တာချီလိတ်မြို့နယ်၌ စက်တစ်လုံးအမြဲထားရှိနိုင်ရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လေထုထဲသို့ ရေမှုန်ဖြန်းသည့်စက်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မီးခိုးမြူအများစုမှာ တောမီးလောင်ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် စိုက်ပျိုးရေလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများမီးရှို့မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည့်အတွက် အသိပညာပေး လုပ်ငန်းများကို ပိုမိုအားထည့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မဖြစ်မနေဆောင်ရွက်ရ လျှင်လည်း အလှည့်ကျဆောင်ရွက်သည့် အလေ့အထကို စည်းရုံးပညာပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ  လေထုအညွှန်းကိန်းတိုင်းတာရေး စက်ဖြင့်တိုင်းတာဆောင်ရွက်လျက် ရှိသည့်နေရာနှင့် ရှမ်းရိုးမကွင်းအတွင်း မီးခိုးမြူမှုန်လျော့ပါရေး နားနေစခန်းတို့အား ကွင်းဆင်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။