သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား International Union for Conservation of Nature (IUCN) အဖွဲ့အစည်း၏ Indo-Burma Group မှ Head ဖြစ်သူ Mr. Jake Brunner မှ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

(နေပြည်တော်၊ ၂၉-၃-၂၀၁၇)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် International Union for Conservation of Nature (IUCN) ၏ Indo-Burma Group မှ Head ဖြစ်သူ Mr. Jake Brunner နှင့်အဖွဲ့အား ၂၉-၃-၂၀၁၇ ရက်နေ့၊ (၁၈:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၊ ရုံးအမှတ် (၁၉)၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊   သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းနှင့် မြေတိုင်းဦးစီးဌာန  ညွန်ကြားရေးမှူး ဦးသက်ဦး တို့တက်ရောက်ခဲ့ကြပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် IUCN တွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံ (State Member) အဖြစ် ဝင်ရောက်ခွင့်ရရှိရေး ဆောင်ရွက်နေမှုနှင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ၂၀၁၇ခုနှစ် ဇွန်လအတွင်း IUCN နှင့် ပူးပေါင်း၍ National Red list ပြုစုရေးဆိုင်ရာ သင်တန်းကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှု၊ မုတ္တမပင်လယ်ကွေ့ဧရိယာအား Ramsar Site အဖြစ် အမည်စာရင်းအဆိုပြုနိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ အနာဂတ်အတွက် ဒီရေတောများအစီအစဉ် (Mangroves for the Future – MFF)ဖြင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းရိုးတန်းဒေသ ဂေဟစနစ်များတွင် ရင်းနှီးမြုပ်နှံမှုကို မြှင့်တင်ပေးသည့် အစီအစဉ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်တွင် သစ်တောပြန်လည်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။