ဂျာမဏီနိုင်ငံ ဂိုတင်ဂန်တက္ကသိုလ်မှ Director ဖြစ်သူ Professor Dr. Christoph Kleinn နှင့်အဖွဲ့ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းအား လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊၄-၇-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် Georg-August-Universitat Gottingen (University of Gottingen) မှ Director ဖြစ်သူ Professor Dr. Christoph Kleinn နှင့်အဖွဲ့အား ယနေ့ ၄-၇-၂၀၁၈ ရက် နေ့၊ (၀၉:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်ဦးနှင့် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် အပါအဝင် မန္တလေး၊ မော်လမြိုင်နှင့် မြိတ်တက္ကသိုလ် တို့နှင့် European University များ ဖြစ်သော သြစတြီးယား နိုင်ငံ University of Natural Resources and Life Science (BOKU)၊ ဂျာမဏီနိုင်ငံ University of Gottingen (UGOE) နှင့် စပိန်နိုင်ငံ University of Extremadura (UEx) တို့ ပူးပေါင်းဆောင်ရွက်မည့် မြန်မာအဆင့်မြင့်ပညာရေးကဏ္ဍတွင် ပတ်ဝန်းကျင်ဆိုင်ရာပညာရေးကို နိုင်ငံတကာသတ်မှတ်ချက်များနှင့် အညီ သင်ကြားသွားနိုင်ရေး လုပ်ငန်းစီမံကိန်းအရ ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ခြင်းဆိုင်ရာ သင်ရိုးညွှန်တမ်းသစ်ရေးဆွဲခြင်း၊ သင်ကြားမှုကိရိယာများ၊ ကျွမ်းကျင်မှုသင်တန်းများပေးခြင်း နှင့် သင်ရိုးညွှန်းတမ်းအား စမ်းသပ်သင်ကြားခြင်း၊ တက္ကသိုလ်များမှ သင်ကြားရေးဝန်ထမ်း များအား ICT အပါအဝင် နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပြည်တွင်း၊ ပြည်ပသင်တန်းများ ပို့ချပေးခြင်း၊ တက္ကသိုလ် ၄ ခုတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး မဟာဘွဲ့သင်တန်းသားများအား သင်ရိုးညွှန်တမ်းသစ်ဖြင့်  သင်ကြား ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းစီမံကိန်း အောင်မြင်စေရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။