ပြည်ထောင်စုဝန်ကြီးရုံး

နောက်ခံအခြေအနေ

လယ်ယာနှင့် သစ်တောဝန်ကြီးဌာန ဝန်ကြီးရုံးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၂ ခုနှစ်၊ မတ်လတွင် သစ်တောရေးရာဝန်ကြီးဌာန (Ministry of Forestry) နှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂) ခု အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအဖြစ် လုပ်ငန်းများဆောင်ရွက်ခဲ့ရာမှ ၂၀၀၆ ခုနှစ်တွင် ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ခဲ့ပါသည်။၂၀၀၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃၇/၂၀၀၆) အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ဖွဲ့စည်းပုံအား ရာထမ်း ၁၆ ဦး၊ အမှုထမ်း ၁၉ ဦး၊ စုစုပေါင်း ၃၅ ဦးတို့ဖြင့် ခွင့်ပြုခဲ့ပါသည်။ ထိုမှတစ်ဖန် ပြောင်းလဲကျင့်သုံးလာသည့် နိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံသားတို့၏ လိုအပ်ချက်များကို ပိုမို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်လျက် ဝန်ကြီးဌာန၏ အုပ်ချုပ်မှုအသွင်သဏ္ဍာန် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယခင်ပြည်ထောင်စုဝန်ကြီးရုံးနှင့် စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာနတို့ကို စနစ်တကျ ပေါင်းစည်းထားသည့် ဝန်ကြီးရုံးအဖြစ် ၂၀၁၅ ခုနှစ်တွင်  ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

ဖွဲ့စည်းပုံ

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ဖွဲ့စည်းပုံအား ရာထမ်း ၅၀ ဦး၊ အမှုထမ်း ၁၁၅ ဦး၊ စုစုပေါင်း ၁၆၅ ဦးတို့ဖြင့် ပြင်ဆင်ခွင့်ပြုခဲ့ပါသည်။