ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၃ 

သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဩစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စအင်ဒရီရာဖော့ခ်နာအား ယနေ့ညနေ ၃ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် သတ္တုတွင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်ရရှိရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးနှင့် ဒေသခံများ၏ လူနေမှုဘ၀ မြှင့်တင်ရေးဆောင်ရွက်နိုင်သည့် အစီအမံများ၊ သတ္တုတူးဖော်မည့် မြေအမျိုးအစားအလိုက် မြေယာစီမံအုပ်ချုပ်သည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များ၊ သတ္တုကဏ္ဍအပါအဝင် ကဏ္ဍအလိုက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းများရေးဆွဲဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံအဆင့်ဆောင် ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ထုတ်လွှတ်မှုလျှော့ချရေးအတွက် စွမ်းအင်၊ စက်မှုနှင့် ပို့ဆောင်ရေးကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အရှေ့ဘက်နယ်စပ်ဒေသတစ်လျှောက် မီးခိုးမြူငွေ့ညစ်ညမ်းမှု မြင့်မားနေခြင်းအကြောင်းရင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ရွှေ့ပြောင်းတောင်ယာစနစ် ပြုပြင်ပြောင်းလဲရေးနှင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းအလေ့အထများ ကျင့်သုံးရေးဆောင်ရွက်မည့်လုပ်ငန်းများ၊ နှစ်နိုင်ငံအကြား ပတ်ဝန်းကျင်၊ သစ်တောနှင့်သတ္တုကဏ္ဍဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်းသိရသည်။ သတင်းစဉ်