ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဒီရေတောများ ထိန်းသိမ်း ခြင်း၊ စိုက်ပျိုးပြုစုခြင်းနှင့် ကြိုးပြင်ကာကွယ်တောဖွဲ့စည်းထားရှိမှုများ ကွင်းဆင်းစစ်ဆေးခြင်း နေပြည်တော်၊

နေပြည်တော်၊ (၂၉.၆.၂၀၁၉)

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် (၂၉.၆.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီး ဌာနတို့မှတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း ကျေးရွာအနီးရှိ သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံအခြေစိုက်၊ Worldview International Foundation တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၏ ပင်လယ်ကမ်းရိုးတန်းဒေသရှိ ဒီရေတောများ ထိန်းသိမ်းခြင်း၊ စိုက်ပျိုးပြုစုခြင်းစီမံကိန်း ဒီရေတောပျိုးဥယျာဉ် ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ မုတ္တမပင်လယ်ကွေ့ဒေသတွင် ရွှံ့လတ္တာပြင်များဖြစ်ထွန်းတည်ရှိနေမှု၊ အဆိုပါ ရွှံ့လတ္တာပြင်များအတွင်းသို့ သဘာဝအလျောက် မြက်များ ပေါက်ရောက်ရှင်သန် ဖြစ်ထွန်းလာခြင်းနှင့်အတူ ဒီရေတောသစ်မျိုးများ ရောနှောပေါက်ရောက် ရှင်သန်ကြီးထွားလာမှု အခြေအနေများ၊ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ကန်လျားရှည်(တိုးချဲ့) ကြိုးပြင်ကာကွယ်တော အတွင်း ဧရိယာဟတ်တာ (၅၀)တွင် ဒီရေတောသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်အဖို၊ ဗြူး အုပ်ဆောင်း၊ ကန့်ပလာ၊ သမဲ့ကြီး သစ်စေ့နှင့် ပျိုးပင် စုစုပေါင်း ၁၃၂၉၉၀ ပင်အား အသီးတောင့် တိုက်ရိုက်ချ စိုက်ပျိုးခြင်းများ၊ ပျိုးပင်များ ပျိုးထောင်၍ ကွက်လက်ဖြည့်စိုက်ပျိုး ခြင်းများအားလည်းကောင်း၊ စိုက်ခင်းအတွင်း အမြဲတမ်းနမူနာကွက်များထားရှိ၍ သုတေသနပြုဆောင်ရွက် မည့်အစီအစဉ်များအားလည်းကောင်း၊ မွန်ပြည်နယ်၊ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး များအတွင်း စီမံကိန်းမှဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအားလည်းကောင်း ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် သစ်တောဦးစီးဌာန တာဝန်ရှိသူများမှ ကွမ်းခြံကုန်းမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး၏ ပင်လယ်ကမ်းရိုးတန်းဒေသတစ်လျှောက် ဒီရေတော ကြိုးပြင်ကာ ကွယ်တောများ ဖွဲ့စည်းနိုင်မှုအခြေအနေများနှင့် အဆိုပြု ကြိုးပြင်ကာကွယ်တောများ သတ်မှတ် ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကမ်းရိုးတန်းဒေသများတွင် ဒီရေတောများထိန်းသိမ်းကာကွယ်ခြင်း၊ စိုက်ပျိုး ပြုစု ခြင်းများ အထူးလိုအပ်ပါကြောင်း၊ စီမံကိန်းမှ လက်တွေ့မြေပြင်တွင် စိုက်ပျိုးတည်ထောင်ထား မှုများ၊ ထိန်းသိမ်းကာကွယ်ထားမှုများ၊ လက်တွေ့သရုပ်ပြသနိုင်မည့် သုတေသနတွေ့ရှိချက်များ သည် လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းပါကြောင်း၊ ဒီရေတောများ ရှင်သန်ရန်အတွက် ပင်လယ် ဆားငံရေ ပျော်ဝင်မှုနှုန်းသည် အလွန်အရေးပါကြောင်း၊ ဒေသအတွင်း ရေချိုဝင်ရောက်မှုအပေါ် မူတည်ပြီး ပင်လယ်ဆားငံရေ ပျော်ဝင်မှုနှုန်းသည် ရာသီအလိုက် အတက်၊ အကျ ရှိကြောင်း၊ ပညာရှင်များအနေဖြင့် ဒီရေတောများ စိုက်ပျိုးတည်ထောင်ရာတွင် ဆားငံရေ ပျော်ဝင်မှုနှုန်း အပေါ်မူတည်ပြီး လိုက်လျောညီထွေရှိမည့် သစ်မျိုးများကို ရွေးချယ်စိုက်ပျိုးရန် အကြံပြု သတိ ပေးလိုကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ဒီရေတောများ၏ အရေးပါပုံကို သိရှိပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဒီရေတောများဖွဲ့စည်း၍ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများအား သစ်တောဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း၊ ဒီရေတောများမှ ငါးပုဇွန်များအပြင် ဒီရေတောဂေဟစနစ် ဝန်ဆောင်မှုဖြစ်သည့် ပျားရည်သည် ကမ္ဘာတွင် တန်ဘိုးမြင့်စျေးကွက်တစ်ခုဖြစ်ပါကြောင်း၊ ဒီရေတောများ ကြီးပြင်း လာပါက အဆိုပါ ဒီရေတောပျားရည်စျေးကွက်အတွက်ပါ ဒေသခံပြည်သူများအနေဖြင့် အကျိုးကျေးဇူးခံစားရမည်မှာ သေချာကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး အမှတ်တရသစ်ပင် စိုက် ပျိုးပေးခဲ့သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်း၏ ပျိုးပင် (၃)သိန်းဆန့် ပျိုးဥယျာဉ်နှင့် ၂၀၁၅ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ထားသော ကန်လျားရှည်ကြိုးပြင်ကာကွယ် တော (၄၈၇)ဧကအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ပျိုးဥယျာဉ်အနီး ဒီရေတောများအတွင်း အမြဲတမ်း ရှင်းလင်းဆောင်တစ်လုံးဆောက်လုပ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် နော်ဝေနိုင်ငံအခြေစိုက် Worldview International Foundation မှ Secretary General ဖြစ်သူ Mr. Arne Fjortoft နှင့် တွေ့ဆုံ ခဲ့ပြီး နိုင်ငံအတွင်း ၂၀၁၉ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ ဒီရေတောများ ပြန်လည်ထူထောင်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးစီမံကိန်းများ ကျယ်ကျယ်ပြန်ပြန့်ဆောင်ရွက်နိုင်ရေး အလွတ်သဘော ဆွေးနွေးခဲ့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအနီးရှိ ဒီရေတော များ ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ကန်လျားရှည် ကြိုးပြင်ကာကွယ်တော (၄၈၇)ဧက၊ မြစိမ်းသောင် ကြိုးပြင်ကာကွယ်တော (၄၈၆)ဧကတို့ကို ၂၀၁၅ ခုနှစ် တွင်လည်း ကောင်း၊ ကန်လျှားရှည်(တိုးချဲ့)ကြိုးပြင်ကာကွယ်တော (၁၅၀၇)ဧကအား ၂၀၁၉ခုနှစ်တွင် လည်းကောင်း ဖွဲ့စည်းတည်ထောင်ထားကြောင်းသိရသည်။ အဆိုပါ ဒီရေတောများ ရှင်သန် ကြီးထွားလာပါက ပင်လယ်လှိုင်းဒဏ်၊ လေဒဏ်နှင့် သဘာဝဘေးအန္တရာယ်များကို တားဆီး ကာကွယ်ပေးနိုင်မည်ဖြစ်သည့်အပြင် ငါးပုဇွန်များ မျိုးဆက်ပြန့်ပွားရှင်သန်ရာ ဂေဟစနစ်တရပ် အဖြစ်လည်းကောင်း၊ စိုက်ပျိုးမြေနှင့် ရေချိုအရင်းအမြစ်များအတွင်း ပင်လယ်ရေငံ မဝင်ရောက် စေရန်တားဆီးပေးသည် သဘာဝ အတားအဆီးတစ်ခုအနေဖြင့်လည်းကောင်း၊ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံ အဆောက်အအုံတစ်ခုအနေဖြင့် လည်းကောင်း၊ ဒေသခံပြည်သူများအတွက် ဒီရေတောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရာ ရင်း မြစ်ကြီးအဖြစ်လည်းကောင်းအကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည့်အပြင် ကမ္ဘာကြီး ပူနွေးစေ သော ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့များကို စုပ်ယူသိုလှောင်ထိန်းသိမ်းထားနိုင်သည့်အပြင် အနာဂတ်မျိုးဆက်သစ်များအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမွေကောင်းတစ်ခုကို လက် ဆင့်ကမ်းပေးနိုင်မှာဖြစ်ကြောင်းသိရသည်။