ပုပ္ပါးတောင်ဒေသသည် မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရန် အလားအလာအကောင်းဆုံးဖြစ်

နေပြည်တော် စက်တင်ဘာ ၁၈

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာ၀သယံဇာတများအား ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်၊ စီမံအုပ်ချုပ်၊ စနစ်တကျအသုံးပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဇီ၀မျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် ထူးခြားသည့် ဘူမိသွင်ပြင်များကို သဘာ၀ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းထားပါကြောင်း၊ အာဆီယံဒေသအဆင့်တွင် သတ်မှတ်သည့် အာဆီယံအမွေအနှစ်ဥယျာဉ်၊ ကမ္ဘာ့အဆင့်တွင် သတ်မှတ်သည့် ကမ္ဘာ့အမွေအနှစ်၊ ရမ်ဆာရေဝပ်ဒေသ ၊ လူသားနှင့် ဇီ၀အဝန်းနယ်မြေ စသည့် နိုင်ငံတကာနှင့် ဒေသအဆင့် အသိအမှတ်ပြု ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခံရရန် ကြိုးပမ်းနေပါကြောင်း။

ယနေ့တွင် နောက်ထပ် နိုင်ငံတကာအသိအမှတ်ပြု ထိန်းသိမ်းကာကွယ်ရေးနယ်မြေ အမျိုးအစားတစ်ခုဖြစ်သည့် ကမ္ဘာ့ဘူမိဥယျာဉ် သတ်မှတ်ခံရရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးကို ဆောင်ရွက်နေသည့် အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ လေ့လာမှုအရ မြန်မာနိုင်ငံတွင် Global Geopark အဖြစ် သတ်မှတ်ခံရရန် အလားအလာရှိသည့် နေရာအများ အပြားရှိသည်ဟု သိရှိရပါကြောင်း။

UNESCO သည် ကမ္ဘာ့ဘူမိဥယျာဉ် အစီအစဉ်ကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး လက်ရှိမှာ ၄၁ နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၁၄၇ ခုရှိကြောင်း၊ တရုတ်နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၃၉ ခု၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများတွင်လည်း ကမ္ဘာ့ဘူမိဥယျာဉ်များရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရန် အလားအလာကောင်းများ ပိုင်ဆိုင်သည့်နေရာအများအပြားရှိသည့်အနက် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏လေ့လာမှုအရ ပုပ္ပါးတောင် ဒေသသည် အလားအလာအကောင်းဆုံးဖြစ်ကြောင်းနှင့် ယင်းဒေသတွင် ထူးခြားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ် သံရည်ကျိုမီးဖိုများ၊ ထူးခြားသည့် ဇီ၀မျိုးစုံမျိုးကွဲများနှင့် အစွယ်(၂)ထပ် ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများရှိကြောင်း၊ အာဆီယံ အမွေအနှစ်ဥယျာဉ်၊ ကမ္ဘာ့အမွေအနှစ်၊ ရမ်ဆာရေဝပ်ဒေသနှင့် လူသားနှင့် ဇီ၀အဝန်းနယ်မြေများသည် ပုံမှန်အားဖြင့် ဝန်ကြီးဌာနအောက်တွင်ရှိ စီမံခန့်ခွဲပိုင်ခွင့်ရှိသော သစ်တောနယ်မြေတွင် သစ်တောဦးစီးဌာနမှ အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ ဘူမိဥယျာဉ်အခြေအနများသည် ကွဲပြားသည့် စီမံခန့်ခွဲမှုများ ပါဝင်သည့် သဘောသဘာ၀ရှိသည့်အတွက် ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ဆက်စပ်သည့် ဌာနအဖွဲ့ အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း။

ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) သည် ကျယ်ပြန့်သည့် နယ်မြေတစ်ခုကို လွှမ်းခြုံပြီးထိန်းသိမ်းကာကွယ်မှု၊ သိမြင်နိုးကြားလာစေမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုစသည့် ဒေါက်တိုင်သုံးခုအပေါ် အခြေခံ‌ရသောကြောင့် နယ်မြေစီမံခန့်ခွဲရေး၊ ပညာရပ်နှင့် သုတေသနဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်ကြောင်း၊ ယခုကဲ့သို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဌာနများ ပါဝင်သော အမျိုးသားဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) သတ်မှတ်ခံရရေးနှင့် သတ်မှတ်ခံရပြီးနောက် စီမံခန့်ခွဲရေးဆောင်ရွက်နိုင်ရန် ဌာနအဖွဲ့အစည်းများ စုံလင်စွာပါဝင်သော ဘူမိဥယျာဉ်(Geopark)ဆိုင်ရာ လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး လုပ်ငန်းကော်မတီတွင် ဒုတိယဝန်ကြီးက ဦးဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ကြပြီး တက်ရောက်လာကြသူများက မြန်မာနိုင်ငံတွင် ပထမဦးဆုံးကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) သတ်မှတ်ခံရနိုင်ရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။