ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား UNDP မှ Resident Representative ဖြစ်သူ Mr. Peter Batchelor လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊၈-၁၀-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် UNDP  Resident Representative ဖြစ်သူ Mr. Peter Batchelor အား ယနေ့ ၈-၁၀-၂၀၁၉ရက်နေ့၊ (၁၁:၀၀)နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဖုန်းလွင် တို့ တက်ရောက်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍတွင် UNDP နှင့်ပူးပေါင်းဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများနှင့် အကျိုးရလဒ်များ၊ သစ်တောစိုက်ခင်းပြန်လည်တည်ထောင်ခြင်း (၁၀) နှစ်စီမံကိန်း၊ ဒီရေတောထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် ရန်ပုံငွေအရင်းအမြစ် ရရှိနိုင်မှုများ၊ ဇီဝမျိုးစုံမျိုးကွဲရန်ပုံငွေနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုရန်ပုံငွေတို့ တည်ထောင်နိုင်ရေး လုပ်ငန်းစဉ်များနှင့် ပါဝင်ပတ်သက်သူများမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံသို့ အဖွဲ့ဝင်နိုင်ငံအနေဖြင့် တက်ရောက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။