သစ်တောဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ကျွန်းရွှေဝါခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောမူဝါဒအား အချက် ၆ ချက်ဖြင့် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများကို များများစိုက်၊ များများထိန်း စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သစ်ထုတ်လုပ်မှုအား လျှော့ချဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တောမီးလောင်ကျွမ်းမှုကြောင့် နိုင်ငံဖြတ်ကျော် မီးခိုးမြူ‌ငွေ့ပြဿနာများ ဖြစ်ပွားခြင်းကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဘရာဇီးနိုင်ငံရှိ အမေဇုန်သစ်တော မီးလောင်ကျွမ်းမှုကြောင့် သစ်တောသယံဇာတများဆုံးရှုံးခဲ့ရာ မိမိတို့အနေဖြင့် တောမီးကာကွယ်ရေးအား ဝန်ထမ်းများက စနစ်တကျ စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောက်ရွက်သွားရန်လိုအပ်ကြောင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ရန်လိုအပ်သော ရန်ပုံငွေကို ချထားပေးပြီးဖြစ်၍ လုပ်ငန်းများထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအပြင် ပုဂ္ဂလိကသစ်တော စိုက်ခင်းတည်ထောင်ခြင်း အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ အသုံးစရိတ်အား လျော့ချနိုင်မည်ဖြစ်ကြောင်း၊ သစ်တောများကာကွယ်ထိန်းသိမ်း စောင့်‌ရှောက်ရန် လက်ကိုင်စက်လွှအသုံးပြု၍ သစ်ခိုးခြင်းများကို ထိရောက်စွာဖော်ထုတ် ဖမ်းဆီးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တရားမဝင်သစ်ခိုးထုတ်မှုများကို လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပြင် အခြားဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းများ တိုးတက်အောင်မြင်လျက်ရှိပြီး သစ်တောတည်ထောင်ခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို တိုင်းရင်းဘာသာ (၁၅) မျိုးဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြား ရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးကြသည်။ (သတင်းစဉ်)