ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိများအားတွေ့ဆုံ၍ လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး

နေပြည်တော်၊ ၂၁−၁၁−၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၂၁.၁၁.၂၀၁၉) ရက်နေ့တွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟကြားဒေသရှိ ရွှေဖြူကောင်းကင် နန်းတော်သတ္တုတူးဖော်ရေး ကုမ္ပဏီနှင့် အားရဲဒေသရှိ စိုင်းလောင်ဟိန်းသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်တို့၏ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် အသေးစားသတ္တုတူးဖော်ရေးလုပ်ကွက်မှ အလတ်စားသတ္တုတူးဖော်ရေးသို့ ပြောင်းလဲမည့်လုပ်ကွက်များအတွင်း ဘူမိဗေဒဓနှင့် ဓါတ်သတ္တုစမ်းသပ်တိုင်းတာရှာဖွေရေးလုပ်ငန်း တွေ့ရှိချက်များအရ သတ္တုသိုက်ဖြစ်ထွန်းတည်ရှိမှု၊ ပျမ်းမျှသတ္တုသားပါဝင်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိန်းသန်းသတ္တုထုတ်လုပ်မှု ကုမ္ပဏီ၏ သတ္တုလုပ်ကွက် ယာယီရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် သတ္တုတူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီများကိုယ်စား စိုင်းလောင်ဟိန်း သတ္တုတူးဖော်ရေးကုမ္ပဏီ၏ တာဝန်ရှိသူမှ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် အသေးစားတူးဖော်ထုတ်လုပ်ခဲ့မှုများ၊ ဝန်ကြီးဌာနသို့ ဓာတ်သတ္တုခွန်နှင့် ခွဲဝေမှုအချိုးပေးသွင်းထားရှိမှုများ၊ ပြည်ပသို့တင်ပို့ရောင်းချနိုင်မှုနှင့် သတ္တုလက်ကျန်အခြေအနေများအားလည်းကောင်း၊  အသေးစားမှ အလတ်စားသတ္တု တူးဖော်ထုတ်လုပ်မည့် လုပ်ကွက်များအဖြစ် ကူးပြောင်းဆောင်ရွက်ရန် ဆောင်ရွက်ပြီးစီးမှုများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီရင်ခံစာရေးသားခြင်းနှင့် အတည်ပြုချက်ရရှိရေးဆောင်ရွက်နေမှုများနှင့် ဘူမိဗေဒနှင့်ဓါတ်သတ္တု ဖြစ်ထွန်းမှုအစီရင်ခံစာ အဆင့် (၂) ဆောင်ရွက်ပြီးစီးမှုများအားတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိုင်းကိုးဒေသအတွင်းရှိ သတ္တုလုပ်ကွက်များ၏ နယ်နမိတ်ဒေါင့်တိုင်များ စနစ်တကျမှတ်တမ်းတင်ထားရှိရန်၊ လျှိုမြောင်များအတွင်း နုန်းပို့ချမှုမှကာကွယ်ရန်အတွက် နုန်းစစ်ကန်များ စနစ်တကျပြုလုပ်ထားရှိရန်နှင့် အပေါ်ယံမြေစာများနှင့် စွန့်ပစ်မြေများအား စနစ်တကျစုပုံစွန့်ပစ်ရန်၊ အပေါ်ယံမြေစာများ ဖယ်ရှားရာတွင်လည်း ဆင်ခြေလျောမတ်ဆောက်မှုများအား သတ်မှတ်အမြင့်ထက်ပိုမို ပြီးမထားရှိရန်နှင့် တရားမဝင်သတ္တုတူးဖော်သူများ ဝင်ရောက်မှုမရှိစေရေး ကုမ္ပဏီများအနေဖြင့် စနစ်တကျစောင့်ကြပ်သတင်းပို့တင်ပြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဘူမိဗေဒနှင့် ဓါတ်သတ္တုဖြစ်ထွန်း မှုအစီရင်ခံစာအဆင့်(၂) အစီရင်ခံစာများအား စစ်ဆေးကြည့်ရှု့ခဲ့ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဝမ်းလုံးကျေးရွာအုပ်စု၊ လွယ်စတုံကျေးရွာအနီးရှိ တင်မြင့်ရီကုမ္ပဏီပိုင် သစ်စက်ဝင်း သိုလှောင်ရုံအတွင်းရှိ (မြန်မာ-ထိုင်း) နှစ်နိုင်ငံချစ်ကြည်ရေးတံတားဂိတ်မှဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ပထမအကြိမ်တင်ပို့မည့် ကျွန်းခွဲသား (၁၉၈.၉၈၃၆)တန် အားကွင်းဆင်းစစ်ဆေးခဲ့ရာ နယ်စပ်စစ်ဆေး‌ရေးအဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ မော်တော်ယာဉ်များပေါ်သို့ တင်ပို့ထားပြီးဖြစ်သည့် ထိုင်းနိုင်ငံသို့တင်ပို့မည့် ကျွန်းခွဲသားများအားခွင့်ပြုမိန့် အထောက်အထား စာရွက်စာတမ်းများ၊ အစစ်အတည်ပြုလက်မှတ်များနှင့်အတူ တိုက်ဆိုင်စစ်ဆေးခဲ့သည်။

အဆိုပါ ကျွန်းခွဲသားများသည် တင်မြင့်ရီကုမ္ပဏီ၏ မြန်မာ့သစ်လုပ်ငန်းမှ စာချုပ်ချုပ်ဆို ဝယ်ယူထားသော ကျွန်းသစ်လုံး (၂၈၁၈.၂၀၈) တန်မှ ခွဲစိတ်ထွက်ရှိသည့် ကျွန်းခွဲသားများဖြစ်ပြီး ထိုင်းနိုင်ငံသို့ တရားဝင်တင်ပို့ရောင်းချခွင့်ရရှိရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သစ်လုံးများခွဲစိတ်ခြင်း၊ ခွဲသားထွက်ရှိမှုစာရင်းအတည်ပြုခြင်း၊ ပို့ကုန်လိုင်စင် လျှောက်ထားခြင်းအပါအဝင် နှစ်နိုင်ငံတရားဝင်ကုန်သွယ်မှု သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသော နယ်စပ်စစ်ဆေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်ခြင်းပြီး တရားမဝင်သစ် ပြည်ပဖြတ်ကျော်တင်ပို့မှုပပျောက်စေရေး၊ နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်  သည့် အခွန်အခများအပြည့်အဝရရှိရေး၊ နှစ်နိုင်ငံကုန်သွယ်မှု သတင်းအချက်အလက်များ တိကျမှန်ကန်စေရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်စက်ဝင်းသိုလှောင်ရုံအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မြူမီးခိုးငွေ့ပြဿနာ ကြိုတင်ကာကွယ်အသိပေး ဟောပြောခြင်း၊ လေထုသန့်စင်မှုအရည်အသွေး စနစ်တကျတိုင်းတာမှတ်တမ်းတင်ရေးများနှင့် စပ်လျဉ်း၍ လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တင်မြင့်ရီကုမ္ပဏီမှ တာချီလိတ်မြို့၊ (မြန်မာ-ထိုင်း) ချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကျွန်းခွဲသားများတင်ပို့မည့် မော်တော်ယာဉ်များ နယ်စပ်စစ်ဆေးရေးဂိတ်ဖြတ်ကျော်ရန် စစ်ဆေးဆောင် ရွက်နေမှုများအား စစ်ဆေးကြည့်ရှု့ခဲသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်ရှိ တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနရုံးသို့ ရောက်ရှိစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနရုံး စတင်ဖွင့်လှစ်နိုင်မှု၊ ခရိုင်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ကွင်းဆင်းစစ်ဆေးမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ စွန့်ပစ်မြေစာများ မြစ်/ ချောင်းများအတွင်းသို့ ဝင်ရောက်ခြင်းမရှိစေရေး စနစ်တကျစောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်တွင် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ခရိုင်ရုံးအတွင်း တပ်ဆင်တိုင်းတာလျက်ရှိသည့် EPAS Haze Scanner လေထုအရည် အသွေးတိုင်းတာစက်အား ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့နယ်၊ သစ်တောဉီးစီးဌာန၊ ဟောင်လိပ်သစ်တောပျိုးဥယျာဉ်အတွင်း တရားမဝင်ဖမ်းဆီးသစ်များ စုပုံထားရှိမှု၊ မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပြီးစီးမှုနှင့် လပ်ပုံထိုင်လေလံအောင်ပြီး သစ်ပုံများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။