ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၇) ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍ ဝန်ကြီး များအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်

နေပြည်တော်၊ ၁၃−၁၂−၂၀၁၉

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အာဆီယံသတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော (၆)ကြိမ်မြောက် အာဆီယံသတ္တုကဏ္ဏဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး သဘာပတိအဖြစ် မိန့်ခွန်းပြောကြားခဲ့ပြီး အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပသည့် ထိုင်းနိုင်ငံသို့ သဘာပတိအဖြစ် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ထိုင်းနိုင်ငံက အစည်းအဝေးသဘာပတိအဖြစ်လည်းကောင်း ၂၀၂၁ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံက တွဲဖက်သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးဖွင့်ပွဲတွင် ထိုင်းနိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Suriya Jungrungreangkit ကတက်ရောက်လာသော သက်ဆိုင်ရာအာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များကို ကြိုဆိုပါကြောင်း၊ သတ္တုကဏ္ဍသည် အာဆီယံနိုင်ငံများ၏ စီးပွားရေးကို အထောက်အကူပြုလျက်ရှိပါကြောင်း၊ သို့သော်လည်း သတ္တုကဏ္ဍသည် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရပါကြောင်း၊ ထိုသို့ နည်းပညာဖွံ့ဖြိုးလာမှုအရ ဓာတ်သတ္တုများ လိုအပ်များမြင့်တက်လာပြီး အလွန်အကျွံသတ္တုတူးဖော်မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်းကို ဖြစ်ပေါ်စေသည်ကို သိရှိပြီးဖြစ်ပါကြောင်း၊ ထိုသို့ ဖြစ်ပေါ်နေမှုကိုကုစားရန် အာဆီယံဒေသတွင်း နိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများအားလုံး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးမည့် အာဆီယံသတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၁၆-၂၀၂၀) နှင့် အာဆီယံသတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၁-၂၀၂၅) အတွက် ဦးတည်ဆွေးနွေးကြမည်ဖြစ်ပြီး ဒေသတွင်းသတ္တုကဏ္ဍအတွက် ရလာဒ်ကောင်းများ ဆောင်ကျဉ်းနိုင်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

အာဆီယံနိုင်ငံများအတွင်း ဓာတ်သတ္တုကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  အာဆီယံသတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၁၆-၂၀၂၀)  (ASEAN Mineral Cooperation Action Plan- AMCAP-III, Phase-1 (2016-2020)) ဆောင်ရွက်နေမှုများအတွက်  (18th and 19thASOMM) အစည်းအဝေးတွင် ဆွေးနွေးရရှိခဲ့သည့်ရလာဒ်များနှင့် (11th and 12thASOMM+3) အစည်းအဝေးတွင် ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဆွေးနွေးရရှိခဲ့သည့် ရလာဒ်များကို (၇)ကြိမ်မြောက် အာဆီယံသတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေး (7th AMMin) တွင် အာဆီယံအတွင်းရေးမှူးက စုစည်းတင်ပြခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။

ထို့အပြင် အာဆီယံသတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၁-၂၀၂၅) (ASEAN Mineral Cooperation Action Plan- AMCAP-III, Phase-2(2021-2025)) ရေးဆွဲချမှတ်နိုင်ရေးအတွက် သက်ဆိုင်ရာအာဆီယံနိုင်ငံများ၏ သတ္တု  မူဝါဒများကို အဖွဲ့ဝင်တစ်နိုင်ငံချင်းအလိုက် ဆွေးနွေးပြောကြားခဲ့ပြီး၊ အာဆီယံနိုင်ငံများ၏ မူဝါဒများနှင့် ထင်ဟပ်မည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကိုရေးဆွဲသွားရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့အပြင် အာဆီယံသတ္တုကဏ္ဍဆိုင်ရာ ရန်ပုံငွေ (ASEAN Mineral Trust Fund)သို့ အဖွဲ့ဝင်နိုင်ငံများမှ ထည့်သွင်းမှုအခြေအနေနှင့် နှစ်စဉ်ထည့်ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းထက် မပိုသောငွေကိုသာ ပြန်လည်ထုတ်ယူသုံးစွဲသွားရန် ဆုံးဖြတ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ပြည်သူဗဟိုပြုမူဝါဒကို ကျင့်သုံးလျက်ရှိပြီး အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းနှင့်ပြည်နယ်များအားလုံး မျှတစွာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် မြန်မာသတ္တုတွင်း ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် မြန်မာ့သတ္တုတွင်း နည်းဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံများ၏ စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေးပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုများကို အလေးထားဆောင်ရွက်ရန် လိုအပ်သဖြင့် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတဦးဆောင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကိုဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါကော်မတီမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များအတွက် အရေးပါသောဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ သတ္တုကဏ္ဍသည် အာဆီယံနိုင်ငံများအတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများ အကျိုးအမြတ်ရရရှိစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ညပိုင်းတွင် အိမ်ရှင်ထိုင်းနိုင်ငံမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲနှင့် အာဆီယံသတ္တုကဏ္ဍဆိုင်ရာ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။