ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်မျက်အချောထည် လုပ်ငန်း၊ ရုံးအဆောက်အဦ တည်ဆောက်မှုလုပ်ငန်း၊ လူထုဖြန့်ပျိုးဥယျာဉ်နှင့် စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၁၂−၁−၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်တာဝန်ခံများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်မျက်အချောထည်လုပ်ငန်း၊ ရုံးအဆောက်အဦ တည်ဆောက်မှုလုပ်ငန်း၊ လူထုဖြန့် ပျိုးဥယျာဉ် နှင့် စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများကြည့်ရှုစစ်ဆေးသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား သိပ္ပံလမ်းရှိ မင်္ဂလာပါကျောက်မျက်အချောထည်စက်ရုံနှင့် ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည်ဆိုင်ကို ကြည့်ရှု၍ နိုင်ငံတကာအဆင့်မီ ကျောက်မျက်အချောထည်လက်ဝတ်ရတနာများထုတ်လုပ်နိုင်ရန်၊ ကမ္ဘာလှည့်ခရီးသည်များက မြန်မာ့ကျောက်မျက်လက်ဝတ်ရတနာများအား  စွဲမက်ကြိုက်နှစ်သက်၍ ခိုင်မာသည့် မြန်မာ့ကျောက်မျက်စျေးကွက်တစ်ခုပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် မြန်မာ့ ကျောက်မျက်ရတနာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

၎င်းနောက်မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိအပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး  အဆောက်အဦသစ်နှင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေး၍ ရုံးအဆောက်အဉီသစ်ဖြစ်သည့်အတွက် ရုံးခန်းလိုအပ်ချက်များကို ကုန်ကျစရိတ် အနည်းဆုံးနှင့် အကျိုးအရှိဆုံးဖြစ်အောင် စနစ်တကျ စီမံဖြည့်တင်းဆောင်ရွက်ရန်၊ ရုံးဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ၊ လမ်းညွှန်မှာကြားချက်များကို သပ်သပ်ယပ်ယပ် ချိတ်ဆွဲထားရှိရန်၊ ဝန်ထမ်းများ စိတ်ကြည်လင်လန်းဆန်းစွာဖြင့် လုပ်ငန်းတာဝန်များကို အချိန်ပြည့်ဆောင်ရွက်နိုင်ရေးအတွက် ရုံးခန်းဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်း သပ်သပ်ယပ်ယပ်ရှိအောင် ထားရှိ ဆောင်ရွက်ရန်၊ အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအား မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် နေထိုင်မှုပုံစံ အမူအကျင့်ကောင်းများအား လေ့ကျင့်ပျိုးထောင်ပေးရန်၊ အဆောက်အဉီ အမိုးအား Green Roof အဖြစ် စီမံဆောင်ရွက်ရန်၊ နောက်ပိုင်းဝန်ထမ်းဖွဲ့စည်းပုံနှင့် လုပ်ငန်းများတိုးချဲ့ပါကလည်း လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေအောင် ရုံးခန်းနေရာချထားမှုကို ကြိုတင်မျှော်တွေး၍ စီမံဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြား၍ ရုံးအသုံးအဆောင်ပစ္စည်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၏ မြို့မအမြဲတမ်းပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက ပြည်သူများလက်ဝယ်သို့ ပျိုးပင်များဝေငှခြင်း  မဆောင်ရွက်မီ ပျိုးပင်များ ကျန်းမာကြံခိုင် သန်စွမ်းစေရေးအတွက် Hardening Processကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ပျိုးပင်ဝေငှရာတွင်လည်း  ပျိုးပင်များအလေအလွင့် မဖြစ်စေရေးအတွက် မှတ်တမ်းများစနစ်တကျထားရှိဆောင်ရွက်ရန်၊ ပြည်သူများစိုက်ပျိုး လိုသောနေရာများကိုလည်း ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးမှာကြားရန်၊ အပင်ရှင်သန် ကြီးထွားမှုအတွက် စိုက်ပျိုးနည်းစနစ်သည် အဓိကကျသည့်အတွက် စိုက်ပျိုးရာသီချိန်မတိုင်မီ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ဒေသအတွင်း ပြည်သူလူထုအား အချိန်တိုကာလအတွင်း ပညာပေးလုပ်ငန်းများ လွှမ်းခြုံမှုရှိစေရေးအတွက် ဆက်စပ်အဖွဲ့အစည်းများနှင့်လည်း ကူညီအားဖြည့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီးချိန်တွင်လည်း စိုက်ပင်ရှင်သန်မှု အခြေအနေများကို စစ်ဆေးရန်တို့ကို လမ်းညွှန်မှာကြားသည်

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်သစ်တောဦးစီးဌာန၏  ဖမ်းဆီးရမိ ပုံစံ(၈)သစ်များ စုပုံထားရှိမှုအား ကြည့်ရှုစစ်ဆေး၍ အမှုပြီးပြတ်ပါက အမြန်ဆုံးထုခွဲရောင်းချနိုင်ရေးစီမံဆောင်ရွက်ရန်၊ သစ်အရည်အသွေးမကျအောင် စနစ်တကျ ထိန်းသိမ်းထားရှိဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ်ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့မှ မလှိုင်မြို့သို့ မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာ၍ မလှိုင်မြို့နယ်၊ သစ်တောဦးစီးဌာနက တောင်လျော်ကန်ကြိုးဝိုင်း အကွက်အမှတ်(၆)အတွင်း တည်ထောင်စိုက်ပျိုးထားရှိသည့် ၂၀၁၉ ခုနှစ်၊ ကျေးရွာထင်းစိုက်ခင်း (၁/၂၀၁၉)၊ ၂၀၁၈ ခုနှစ်က တောင်လျော်ကန်ကြိုးဝိုင်း အကွက်အမှတ် (၂၊ ၃၊ ၆)အတွင်း တည်ထောင်စိုက်ပျိုးထားသည့် ဒေသခံပြည်သူအဖွဲ့ပိုင်စိုက်ခင်းနှင့် မိတ္တီလာမြို့နယ်၊ သစ်တောဦးစီးဌာနက တောင်လျော်ကန်တိုးချဲ့ကြိုးဝိုင်:အကွက်အမှတ် (၁၀) အတွင်း တည်ထောင် စိုက်ပျိုးထားသည့် ၂၀၁၉ ခုနှစ်၊ ကျေးရွာထင်းစိုက်ခင်း ၂/၂၀၁၉ နှင့် ၂၀၁၇ ခုနှစ်က တည်ထောင်စိုက်ပျိုးထားသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတို့အား ကြည့်ရှုစစ်ဆေး၍ ပျိုးဥယျာဉ်၌ သုံးစွဲသည့်ရေနှင့် စိုက်ပျိုးမြေကို သစ်တောသုတေသနဌာနသို့ပေးပို့၍ ဓါတ်ခွဲဆောင်ရွက်ရန်၊ မိုးရွာသွန်းမှုနည်းပါးသည့် ဒေသဖြစ်သည့်အတွက် မိုးရွာသွန်းချိန်နှင့် အချိန်ကိုက်၍ စိုက်ပျိုးဆောင်ရွက်ရန်၊ ပျိုးပင်ကျန်းမာကြံ့ခိုင်စေရေးအတွက် ပျိုးဥယျာဉ် လုပ်ငန်းကို သတ်မှတ်လုပ်ငန်းစဉ်နှင့်အညီ စီမံဆောင်ရွက်ရန်၊  သေပင်များကိုလည်း လာမည့်မိုးရာသီတွင် သက်တမ်းတူပင်များဖြင့် ဖာထေးစိုက်ပျိုးဆောင်ရွက်ရန်၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရာတွင် သစ်မျိုးရွေးချယ်ရာ၌ ဒေသနှင့် ကိုက်ညီသည့်သစ်မျိုးနှင့် ဒေသခံပြည်သူတို့က စိုက်ပျိုးလိုသည့် သစ်မျိုးတို့ကို အချိုးတစ်ခုချမှတ်၍ စိုက်ပျိုးဆောင်ရွက်ရန်နှင့် စိုက်ခင်းမီးကာကွယ်ခြင်းလုပ်ငန်းကို အထူးအလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်းသိရသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္တီလာမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဉီးစီးဌာနက တောင်လျော်ကန်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၂) နှင့် (၁၃) အတွင်းတည်ထောင်စိုက်ပျိုးထားရှိသည့် ရေဝေရေလဲစိုက်ခင်း(၂/၂၀၁၇)၊ အခြားစိုက်ခင်း (၂/၂၀၁၈)နှင့်ကျေးရွာသုံးစိုက်ခင်း (၃/၂၀၁၉) တို့အား ကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက မိုးရေချိန်နည်းပါး၍ မြေဆီလွှာညံ့သည့် နေရာများဖြစ်သည့်အတွက် စိုက်ခင်းအတွင်း ပန္နက်လိုင်းတစ်ခုနှင့် တစ်ခုအကြား ထွန်ယက်၍ မြေဆီလွှာအရည်အသွေးတိုးတက်စေသည့် အပင်စိုက်ပျိုးခြင်းကို စီမံဆောင်ရွက်ရန်၊ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ယာသမားများအားလည်း မြေဆီလွှာအသုံးချမှုနည်းစနစ်များအား စည်းရုံးပညာပေး၍ မြေဆီလွှာအရည်အသွေးတိုးတက်လာအောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ စိုက်ခင်းရှင်းလင်းဆောင်အနီး မာတာကွတ်အပင် စိုက်ပျိုးဆောင်ရွက်ရန်၊ လာမည့်နှစ်မိုးရာသီ၌ သေပင်ဖာထေးခြင်း ဆောင်ရွက်ရာတွင်လည်း မာတာကွတ်ပင်ကို အချိုးတစ်ခုဖြင့် ထည့်သွင်းဖာထေး၍ ရှင်သန်တိုးတက်မှုကို မှတ်တမ်းထားရှိဆောင်ရွက်ရန်၊ စိုက်ခင်းမီးကာကွယ်ခြင်းလုပ်ငန်းကို အထူးအလေးထား ဆောင်ရွက်ရန်တို့ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။