မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ခင်းများ၊ ရွှေစက်တော် ဘေးမဲ့တောအတွင်း ရွှေသမင်များနှင့် ကျေးငှက်များသောက်သုံးရေကန်၊ ကြယ်လိပ်မွေးမြူရေးခြံနှင့် ရွှေစက်တော်-မန်းချောင်း အပန်းဖြေဆင်စခန်းတို့အား ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂−၃−၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မတ်လ ၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့်လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် တာဝန်ခံများလိုက်ပါလျက် မကွေးတိုင်းဒေသကြီးအတွင်းရှိ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ တောင်တန်း စိုက်ခင်း၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ရွှေသမင်များနှင့် ကျေးငှက်များ သောက်သုံးရန်အတွက် ရေကန်၊ ကြယ်လိပ် မွေးမြူရေးခြံနှင့် ရွှေစက်တော်-မန်းချောင်း အပန်းဖြေဆင်စခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးကျောင်းတော်ရာ၌ သစ်တောဦးစီးဌာနက တည်ထောင်စိုက်ပျိုးထားသည့် စန္ဒကူးပင်များ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးသည်၊ ပြည်ထောင်စုဝန်ကြီးက စန္ဒကူးပင်များ ရေရှည်ရှင်သန် အောင်မြင်စေရေးအတွက် ပြုစုထိန်းသိမ်းခြင်းကို အလေးထားဆောင်ရွက်ရန်၊ အပင်ရှင်သန်ကြီးထွားမှုကိုတိုင်းတာ၍ စနစ်တကျမှတ်တမ်းထားရှိရန်၊ ပျိုးဥယျာဉ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်၊ စန္ဒကူးပင်များအား ပျိုးပင်ငယ်များသာမက ပျိုးပင်ကြီးများ ပျိုးထောင်ထားရှိရန်တို့ကို ဆွေးနွေးမှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်ထွက်ခွာ၍ ပွင့်ဖြူမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်စိုက်ပျိုးထားရှိသည့် ၁/ ၂၀၁၉ စိုက်ခင်း (၃၀) ဧကနှင့် ၂/၂၀၁၉ စိုက်ခင်း (၂၀) ဧကတို့အား ကြည့်ရှုစစ်ဆေး၍ ဤဒေသသည် မိုးရွာသွန်းမှု နည်းပါးသည့်ဒေသဖြစ်သည့်အတွက် လွန်ခဲ့သည့် ၁၀ နှစ်တာကာလ မိုးရွာသွန်းမှုမှတ်တမ်းများအားလေ့လာ၍ နှစ်စဉ်မိုးစတင် ရွာသွန်းသည့်လမတိုင်မီ ရေလောင်းစိုက်ပျိုးခြင်းဖြင့် အပင်များမိုးရေ အစိုဓါတ်အပြည့် အဝရရှိရေး စီမံစိုက်ပျိုးဆောင်ရွက်ရန်၊ မိုးပြတ်သည့်ကာလများအတွင်း ရေလောင်းမည့် အစီအမံများချမှတ်ဆောင်ရွက်ရန်၊ သစ်မျိုးရွေးချယ်ရာတွင် ဒေသအတွင်းပေါက်ရောက်ရှင်သန်မှုကောင်းမွန်သည့် သစ်မျိုးကိုဦးစားပေးရွေးချယ်စိုက်ပျိုးရန်နှင့် ဟိုက်ဘရစ် အကေးရှားသစ်မျိုးကို အချိုးတစ်ခုသတ်မှတ်၍ ထည့်သွင်းစိုက်ပျိုးရန်၊ စိုက်ခင်းအတွင်း နှုံးထိန်းတမံများ တည်ဆောက်ရန်၊ စိုက်ခင်းမီးကာကွယ်ရေး အထူးအလေးထားဆောင်ရွက်ရန်၊ ဒေသခံပြည်သူများအား တိုးချဲ့ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရွှေသမင်များနှင့် ကျေးငှက်များသောက်သုံးရန်အတွက် တူးဖော်ထားရှိသည့် ကန်တော်ကြီးကန်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက ခြောက်သွေ့ရာသီတွင် ရွှေသမင်များ သောက်ရေပြတ်လပ်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ အလှူရှင်များက ရေလှူဒါန်းမှုများအား မှတ်တမ်းထားရှိ၍ စနစ်တကျသုံးစွဲရန်၊ ရွှေသမင်အရေအတွက် အား မှတ်တမ်းထားရှိရန်၊ ကန်တော်ကြီးကန်ဝန်းကျင်၌ ရွှေသမင်များအတွက် သီးပင်၊ စားပင်စိုက်ပျိုး ဆောင်ရွက်မှု၊ ရှင်သန်မှုအခြေအနေအား စနစ်တကျ မှတ်တမ်းထားရှိ၍ သေပင်များအား လာမည့်မိုးရာသီ၌ ဖာထေးဆောင်ရွက်ရန်၊ ရွှေစက်တော်ဘုရားဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် အမြဲစိမ်းအပင်များ စိုက်ပျိုးဆောင်ရွက်ရန်၊ ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်း လူဝင်ထွက်သွားလာမှုကို စောင့်ကြည့်စစ်ဆေးရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

နေ့လည်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်းက ပြည်သူများအပန်းဖြေပျော်ရွင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိသည့် ရွှေစက်တော်-မန်းချောင်း အပန်းဖြေဆင်စခန်းအား ကြည့်ရှုစစ်ဆေးသည်။ ဆင်စခန်းယာယီရှင်းလင်ဆောင်တွင် မြန်မာ့သစ်လုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာ ဦးသိန်းဦးက ဆင်စခန်းဖြစ်ပေါ်လာပုံ၊ အဆောက်အဦများ ဆောက်လုပ်ထားရှိမှု၊ ဧည့်သည်ဝင်ရောက်မှုနှင့် ဝင်ငွေရရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအားတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လာရောက်လည်ပတ်သည့် ဧည့်သည်များအား ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်စေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ၊ ဆင်စီးခြင်း၊ ဆင်အလှပြသခြင်းများတွင် အန္တရာယ်မရှိစေရေးအတွက်ဆောင်ရန်၊ ရှောင်ရန်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားရှိရန်၊ ပြည်တွင်း၊ ပြည်ပဧည့်သည် ဝင်ရောက်မှုကို စနစ်တကျမှတ်တမ်းထားရှိရန်၊ ဆင်စခန်းဝန်းကျင်သန့်ရှင်းရေးနှင့် သာယာလှပရေးကို အထူးဂရုစိုက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်အတွင်းရှိ ကြယ်လိပ်မွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေး၍ ကြယ်လိပ်များ၌ ရာသီအလိုက်ဖြစ်တတ်သည့် ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကြယ်လိပ်များ ပျောက်ဆုံးမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ရန်၊ ကြယ်လိပ်များ၏ နှစ်အလိုက်ဥဥနှုန်း၊ သားပေါက်မှုနှုန်းနှင့် တိုးပွားလာမှုတို့ကို မှတ်တမ်းထားရှိရန် မှာကြားခဲ့ကြောင်းသိရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ်သို့ရောက်ရှိ၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကဆင်ဂေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း စိုက်ပျိုးဆောင်ရွက်လျှက်ရှိသည့် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၂/၂၀၁၉၊ တောင်တန်းစိုက်ခင်း  ၁/၂၀၁၉ နှင့် ၂၀၁၉ ခုနှစ်၊ သစ်မျိုးစုံစိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းတွင် ပေါက်ရောက်ရှင်သန်မှု ကောင်းမွန်သည့် ဒေသသစ်မျိုးကို အဓိကထားစိုက်ပျိုး၍ မာတာကွတ်၊ ဟိုက်ဘရစ်အကေးရှားနှင့် ဝါးတို့ကို အချိုးတစ်ခုဖြင့် ထည့်သွင်းစိုက်ပျိုးရန်၊ ပဲချယ်ရီပင်ကို စိုက်ခင်းစခန်းအနီး၌ စိုက်ပျိုးရန်၊ ခြောက်သွေ့ရာသီ ရောက်ရှိလာပြီဖြစ်၍ စိုက်ခင်းမီးကာကွယ်ခြင်းလုပ်ငန်းကို အထူးအလေးထားဆောင်ရွက်ရန်၊ မိုးနည်းသည့်ဒေသဖြစ်သည့်အတွက် စိုက်ပင်များ မိုးရေအပြည့်အဝ ရရှိရေးအတွက် ပထမမိုးရွာသွန်းမှုမတိုင်မီ မိုးကြိုစိုက်ပျိုးရန်၊ ကိုင်းထိုးစိုက်ပျိုးမည့် သစ်မျိုးများကို မိုးမကျမီကာလတွင် စိုက်ပျိုးဆောင်ရွက်ရန်နှင့် နှုံးထိန်းတမံအထက်၌ ဗက်တီဘာမြက် စိုက်ပျိုးရန်တို့ကို ဆွေးနွေးမှာကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ်မှ ပြန်လည်ထွက်ခွာ၍ နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်းသတင်းရရှိသည်။