ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နဝမနေ့ အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း လွှတ်တော်မေးခွန်းနှင့်အဆိုများအား ဖြေကြား

နေပြည်တော် ၆-၁၁-၂၀၁၇

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နဝမနေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁ဝ)မှ ဒေါက်တာ ကျော်ငွေ၏ သနပ်ခါးပင်နှင့် သနပ်ခါးတုံးများကို အသေးစား သစ်တောထွက်ပစ္စည်း အဖြစ် သတ်မှတ်ထားပြီး ဒေသပေါက်ဈေး၏ ၂၅ ရာခိုင်နှုန်းကို သစ်တော အခွန်တော် အဖြစ် ပေးဆောင်စေရမည်ဆိုသော ညွှန်ကြားချက်ကို လက်ရှိအခြေအနေနှင့် လျော်ညီ အောင် ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောဦးစီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် (၉၃၁/၂ဝ၁၇) ဖြင့် သစ်တောနယ်မြေပြင်ပ (ပုဂ္ဂလိက ပိုင်မြေနှင့် ကိုယ်ပိုင်ဥယျာဉ်ခြံမြေများ) တွင် ပုဂ္ဂလိကလုပ်ငန်း ရှင်များမှ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သည့် သနပ်ခါး၊ ဖာလာ၊ ဝဥ စသည့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများအား သစ်တောဦးစီး ဌာန၌ မှတ်ပုံတင်ခြင်းနှင့် ကူးသန်းရောင်းဝယ်ရန် အလို့ငှာ သယ်ယူပို့ဆောင်ခြင်းအတွက် မျှောစာနှင့် ထောက်ခံချက်ရယူခြင်းတို့အား ကင်းလွတ် ခွင့်ပြုကြောင်းနှင့် သစ်တောခွန်ကောက်ခံခြင်း အပေါ် ကင်းလွတ်ခွင့်ပြုခြင်းကိုမူ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၅၄ ၊ ဇယား (က)၊ ၁၂ (ခ)အရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ ၏ စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်ရန် ထုတ်ပြန် ကြေညာပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း၏ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာ အထက်ပိုင်း၊ လူနေအိမ်ခြေများ၊ မူလတန်း ကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စသည့် ကျေးရွာလူထုနေထိုင်ရာ မြေနေရာတို့ကို သစ်တော နယ်မြေမှ စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ၂ဝ၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောများအတွင်း နှစ်ကာလရှည်စွာ ကျူးကျော် ဝင်ရောက်၍ အခြေချနေထိုင်မှုများအား ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးပါကြောင်း၊ မိုးမောက်မြို့နယ် မိုးမောက်ကြိုးဝိုင်းအတွင်းရှိ ကျောက်စခန်း ကျေးရွာသည် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ဝင်ရောက် စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ကြိုးဝိုင်း ကျူးကျော်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မပြုနိုင်ဘဲ ကျောက်စခန်းကျေးရွာအား ကြိုးဝိုင်းဧရိယာအတွင်းမှ ပယ်ဖျက် ပေးနိုင်ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း။

သို့သော် ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့၏ ဗန်းမော်ခရိုင် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည် စစ်ဆေးကြည့်ရှုခဲ့သည့် ခရီးစဉ်အတွင်း ပြည်သူ များ၏ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ကျောက်စခန်း ကျေးရွာသည် ပြည်ထဲရေးအမည်ပေါက် ကျေးရွာ ဖြစ်ခြင်း၊ ၂ဝ၁၃ ခုနှစ်အတွင်း ကြိုးဝိုင်းကျူးကျော် စာရင်းများ ကောက်ယူခဲ့ရာ၌ နယ်မြေအခြေ အနေအရ စာရင်းကောက်ယူနိုင်မှု မရှိခဲ့ခြင်းများ ကြောင့် ကချင်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နေပြည်တော်ထံ မိုးမောက် ကြိုးဝိုင်းအတွင်းရှိသည့် ကျောက်စခန်းကျေးရွာ အား ကွင်းဆင်းတိုင်းတာ စာရင်းကောက်ယူခွင့်ပြု ရေး တင်ပြခဲ့ခြင်းအပေါ် ဦးစီးရုံးချုပ်၏ ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁၄ ရက်စွဲပါစာဖြင့် ကျောက်စခန်းကျေးရွာ မြေနေရာ ပယ်ဖျက်ရေးနှင့် မိုးမောက်မြို့နယ် အတွင်းရှိ ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောများ အတွင်း ကျူးကျော်နေထိုင်သည့် စာရင်းများကို ကွင်းဆင်း တိုင်းတာ စာရင်းကောက်ယူရေးအတွက် ကချင်ပြည်နယ်အစိုးရမှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ညှိနှိုင်းတင်ပြရန် အကြောင်းကြားထားရှိပြီး ဖြစ်ပါကြောင်း။

သို့ဖြစ်၍ မူလတန်း ကျောင်းမြေနေရာအတွက် မြေအသုံးချလိုအပ်သည့် ပညာရေးဝန်ကြီးဌာနမှ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံ လျှောက်ထား တင်ပြရန် ဖြစ်ပါကြောင်း၊ လူနေအိမ်ခြေများ၊ ရပ်ကွက်များ၊ ကျေးရွာရုံးများ၊ ဆေးရုံ အစရှိသည် တို့ကို ကချင်ပြည်နယ် အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန်ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသို့ ညွှန်ကြားလာပါက ကွင်းဆင်း စစ်ဆေးပြီး အမှန်တကယ် လိုအပ်ချက်အပေါ် မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြမည် ဖြစ်ပါကြောင်း ဖြေကြားသည်။