အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ၂၈

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဗဟို ကော်မတီဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဗဟိုကော်မတီဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများဖြစ်သည့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီခြောက်ခုမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ချိန်ညှိပြီး မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် ''ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကဏ္ဍအသီးသီး တွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်'' အလေး ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

အဓိကစိန်ခေါ်မှုကြီးတစ်ခုဖြစ်

မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ များပြားလာမှုနှင့်အတူ သဘာဝ သယံဇာတအရင်းအနှီးကိုအခြေခံသည့် စီးပွား ရေးလုပ်ငန်းများကြောင့် သဘာဝဂေဟစနစ် နှင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများ မဖြစ် စေရန်၊ စက်မှုလုပ်ငန်းများနှင့် မြို့ပြတိုးချဲ့မှုများ ကြောင့် မြေ၊ ရေ၊ လေ စသည့် ပတ်ဝန်းကျင် အရည်အသွေးကျဆင်းမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများမရှိအောင် အလေးထားဖြေရှင်း ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ခံစားနေရသည့် ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများသည်လည်း နိုင်ငံ့စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကစိန်ခေါ်မှုကြီးတစ်ခုဖြစ်သည့် အတွက် ယင်းကို ကြိုတင်ကာကွယ်နိုင်ရန် မိမိတို့ အစဉ်တစိုက် အလေးထားဆောင်ရွက် ရမည့် လုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးအတွက် ''ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပေါင်းစပ်ဆောင်ရွက်မည့် ခိုင်မာအားကောင်းသော ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို'' တည်ထောင်ရန် လိုအပ်ပါကြောင်း။

အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်

နိုင်ငံတော်အစိုးရအနေဖြင့် ရေးဆွဲထား သည့် ''မြန်မာနိုင်ငံရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂ဝ၁၈- ၂ဝ၃ဝ)'' (Myanmar Sustainable Development Plan) ၏ မဟာဗျူဟာရည်မှန်း ချက် ငါးရပ်တွင် အမျိုးသားချမ်းသာကြွယ်ဝမှု အတွက် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေး မဟာဗျူဟာ တစ်ရပ်အနေနှင့် ထည့်သွင်းရေးဆွဲထားသည့် အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် နိုင်ငံတော်၏ အရေးပေးဆောင်ရွက်ရမည့် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည်ကို အခိုင်အမာ ပြောကြားလိုပါကြောင်း။

ယင်းဦးတည်ချက်အပေါ်တွင်အခြေခံပြီး လက်ရှိနိုင်ငံတော်အစိုးရသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီး ပေါင်းစပ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်လျက် ရှိပါကြောင်း။

ကော်မတီများ၏အခန်းကဏ္ဍသည် အရေးကြီး

ကဏ္ဍစုံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို ထိရောက်စွာ ပေါင်းစပ် အကောင်အထည်ဖော်နိုင်ရန် ကော်မတီများ၏ အခန်းကဏ္ဍသည် အရေးကြီးသည့် နေရာတွင် ရှိနေသည်ကို အလေးထား ပြောလိုပါကြောင်း။

ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ ခြောက်ခုနှင့် ကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းခဲ့ပြီးနောက် ညှိနှိုင်းအစည်းအဝေးများ ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လမှစတင်၍ ကျင်းပ ခဲ့ရာ ယခုဆိုလျှင် ဆဋ္ဌမအကြိမ် ရှိလာပြီဖြစ်ပါ ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး ငါးကြိမ်တွင် ရှေ့လုပ်ငန်းစဉ် စုစုပေါင်း ၇၇ ခု ချမှတ်နိုင်ခဲ့ပြီး လတ်တလောဆောင်ရွက်ပြီးမှုမှာ ၃၆ ချက်နှင့် ရေရှည်ဆောင်ရွက်ရမည့် ဆောင်ရွက်ဆဲ ၄၁ ချက် ချမှတ်ဆောင်ရွက်နိုင်ခြင်းသည် ကော်မတီဝင်များအားလုံး၏ စုပေါင်းကြိုးပမ်းမှု ရလဒ်များဖြစ်သဖြင့် မှတ်တမ်းတင်အပ်ပါ ကြောင်း။

နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီးဖြစ်

ယခုဆိုလျှင် ပတ်ဝန်းကျင်ကဏ္ဍနှင့် စပ်လျဉ်း၍ ရေရှည်ရည်မှန်းချက်များကို ချမှတ်နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ ပြီးဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသူအားလုံး ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာ ပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်း ကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန် ရည်မှန်းထားပြီး ရာသီဥတု ပြောင်းလဲမှုနှင့် စပ်လျဉ်း၍ ၂ဝ၃ဝ မဟာ ဗျူဟာ ရည်မှန်းချက်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ် လွှတ်မှု လျော့နည်းသော ဖွံ့ဖြိုးတိုးတက်မှုရရှိ နိုင်ရန်အတွက် ရေရှည်ရည်မှန်းချက်များကို ချမှတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။

အဆိုပါ ရေရှည်မူဝါဒရည်မှန်းချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်း မှုများ၊ လက်တွေ့ကျသည့် ဦးစားပေးအစီအမံ များထည့်သွင်းချမှတ်ပြီး အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်

ပြီးခဲ့သည့် အစည်းအဝေးများတွင် ဆုံးဖြတ်ခဲ့သည့် အချက်များထဲတွင် ရေရှည် ဆောင်ရွက်သွားရမည့် လုပ်ငန်းများဖြစ်သည့် ပညာပေးရေး၊ အသိပညာပြန့်ပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ တစ်ဖက်တွင်လည်း စက်မှုလုပ်ငန်း များအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများ ပေါင်းစပ်ဆောင်ရွက်မှု ရှိ၊ မရှိ ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်မှုများကို အရှိန်အဟုန်မြှင့်ပြီး နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း။

အကျိုးရှိစွာအသုံးပြုနိုင်အောင် စီမံခန့်ခွဲ

ထို့အပြင် သဘာဝသယံဇာတအရင်း အမြစ်များ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ များကို ထိန်းသိမ်းသွားရန်နှင့် ¤င်းတို့ကို အကျိုးရှိစွာ စဉ်ဆက်မပြတ်အသုံးပြုနိုင်အောင် စီမံခန့်ခွဲရန် မြို့ပြဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲ မှုများတွင်လည်း လိုအပ်သည့် နည်းပညာ အဆင့်မြှင့်တင်နိုင်ရန် စသည့် ဦးစားပေး လုပ်ငန်းများကို ရေးဆွဲချမှတ်နိုင်ရန်အတွက် ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ချိတ်ဆက်ပြီး ခရိုင်နှင့်မြို့နယ် အောက်ခြေ အဆင့်အထိ ထိထိရောက်ရောက် အကောင် အထည်ဖော်သွားနိုင်ရန် ဆက်စပ်ဌာနအဖွဲ့ အစည်းများ၊NGO များ၊ CSO များနှင့် ပုဂ္ဂလိကများပူးပေါင်း၍ ရေရှည်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

သတိပေးလိုက်ခြင်းဖြစ်

၂ဝ၁၈ ခုနှစ် ဧပြီ ၂၁ ရက်တွင် ဖြစ်ပေါ် ခဲ့သည့် ရန်ကုန်မြို့ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုသည် လေထုညစ်ညမ်းမှုအပြင် အနီးပတ်ဝန်းကျင် ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုခံစားခဲ့ရသည့် သာဓက သည် စွန့်ပစ်အမှိုက်များကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စနစ်တကျစီမံခန့်ခွဲပြီး အလျင်အမြန် ဦးစားပေးဆောင်ရွက်ရန်လိုအပ် နေပြီဆိုသည်ကို သတိပေးလိုက်ခြင်းဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသာမက တစ်နိုင်ငံလုံးအနှံ့ မြို့များတွင် စွန့်ပစ်အမှိုက်များကို စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် လုပ်ငန်းအစီအမံ တွင် ပါဝင်သည့် ရည်မှန်းချက်များကို အခြေခံ ပြီး ပလတ်စတစ်အပါအဝင် အမှိုက်များ စနစ် တကျ သိမ်းဆည်းစွန့်ပစ်ခြင်းဆိုင်ရာ လမ်းညွှန် ချက်တစ်ရပ် ချမှတ်ဆောင်ရွက်ရန် တိုက်တွန်း လိုပါကြောင်း။

အစီအစဉ်များရေးဆွဲချမှတ်

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်း ဒေသကြီး၊ ပြည်နယ် ကြီးကြပ်မှုကော်မတီများ နှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးတို့ အနေဖြင့် ပြီးခဲ့သည့်အစည်းအဝေးငါးကြိမ်၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ယနေ့ အစည်းအဝေးတွင် ချမှတ်မည့်လုပ်ငန်းစဉ်များ ထဲမှ မိမိတို့ဒေသနှင့် သင့်လျော်မည့် ဦးစား ပေးလုပ်ငန်းများနှင့် ရေတို၊ ရေရှည် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်များ ရေးဆွဲချမှတ် ဆောင်ရွက်သွားရန်အတွက် ဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များသည် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေး မူဝါဒအပေါ် အထောက်အကူပြုနိုင်ရန် လုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက် သည့်နေရာတွင် လူ့စွမ်းအားအရင်းအမြစ် များ၊ နည်းပညာလိုအပ်ချက်များ၊ ဘဏ္ဍာငွေ အကန့်အသတ်များ စသည့် အခက်အခဲများ ရှိနေသေးသော်လည်း တစ်ဆင့်ပြီးတစ်ဆင့် ပါဝင်ပတ်သက်သူအားလုံး၏ ပူးပေါင်းမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဆိုလျှင် တွေ့ကြုံရမည့်အခက်အခဲများ၊ စိန်ခေါ် မှုများကို ဖြေရှင်းကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

နည်းပညာလိုအပ်ချက်များ၊ စွမ်းဆောင် ရည်၊ ကျွမ်းကျင်မှု၊ အကန့်အသတ်များကိုဖြည့် ဆည်းနိုင်ရန်အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရရှိရေး ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း။

ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်ကြီးကြပ်မှုကော်မတီများမှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြီးခဲ့သော နှစ်နှစ်ကျော် ကာလအတွင်း ကြုံခဲ့ရ သည့် အားသာချက်၊ အားနည်းချက်များကို အခြေခံပြီး အကြံပြုဆွေးနွေးပေးကြရန် ထပ်မံ တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြား သည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နိုင်ငံ၏ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့ကို တည်ဆောက်ရာတွင် သဘာဝ ပတ်ဝန်းကျင်သည် အခြေခံအုတ်မြစ်ဖြစ်သည့် အတွက် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရေရှည်တည်တံ့သော သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဘက်ညီမျှတစေရန် ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

ဝိုင်းဝန်းပြီး တားဆီးကာကွယ်နှိမ်နင်း

နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် အခြေခံအားဖြင့် အရေးကြီးဆုံးကဏ္ဍဖြစ်သည့် သတ္တု၊ သစ်တော နှင့် သားငါးစသည့် သယံဇာတအရင်းအမြစ်များ အပေါ်တွင် အလွန်အကျွံထုတ်လုပ်မှု၊ အထူး သဖြင့် တရားမဝင်ထုတ်လုပ်မှုများကြောင့် သဘာဝသယံဇာတများ ယိုယွင်းပျက်စီးမှုများ ကြုံတွေ့နေရသည်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တရားမဝင် သယံဇာတ ထုတ်လုပ်မှုများကို အားလုံးဝိုင်းဝန်းပြီး တားဆီး ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် တွန်းအား ပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

တက်ညီလက်ညီ အားထုတ်ကြိုးပမ်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း ၍ နိုင်ငံတော်အဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်နှင့် မြို့နယ်အထိ ပေါင်းစပ်ညှိနှိုင်းပေးမည့် အဖွဲ့ အစည်းများရှိပြီး လမ်းပြမြေပုံဖြစ်သည့် ရေရှည်မျှော်မှန်းချက်၊ မဟာဗျူဟာနှင့် ပင်မ လုပ်ငန်းစဉ်များအပြင် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြီးဖြစ်သည့်အတွက် အခြေခံကောင်းများ ရှိနေပြီးဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များကို ပိုမိုကောင်းမွန်၊ သန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင် အခြေ အနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရန် အတွက် မိမိတို့အားလုံး တက်ညီလက်ညီဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်၊ လုပ်ငန်း များကို ဆောင်ရွက်သည့်နေရာတွင် ဘဏ္ဍာ ငွေ၊ လူသားအရင်းအမြစ်၊ စွမ်းဆောင်ရည်နှင့် နည်းပညာအကန့်အသတ်များ ရှိနေသော် လည်း ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့် ပေါင်းစပ် ညှိနှိုင်းပံ့ပိုးပေးရမည့်ကိစ္စများကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးပေးကြရန် ပြောကြား သည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေး မှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီပဉ္စမအကြိမ် ညှိနှိုင်းအစည်း အဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်း ကော်မတီ ခြောက်ခု၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းကော်မတီများ၏ ဆက်လက်ဆောင် ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြ သော ဒုတိယဝန်ကြီး ဦးလှကျော်၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် များဖြစ်ကြသည့် ဦးမြင့်သူ၊ ဦးထွန်းအုံ၊ ဦးကိုကိုလွင်၊ ဦးတင်မောင်ဦး၊ ဦးရန်နိုင်ထွန်း၊ ဦးဝင်းတင့်၊ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ ဒေါက်တာကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီခြောက်ရပ်မှ တာဝန်ရှိသူ များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးံလအောင်၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးမန်းဟင်းဒါးလ်၊ ဦးကမ်ဇာမုံ၊ ဦးမျိုးသစ်၊ ဒေါက်တာ မင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံထွန်းနှင့် ဦးတင်အောင်ဝင်းတို့က ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲတင်ပြနိုင်ရေးကိစ္စရပ်များ၊ ဥပဒေ၊ နည်းဥပဒေ ထုတ်ပြန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် အခြေအနေများ၊ ပင်လယ်ကမ်းစပ်များတွင် ဒီရေတောများ စိုက်ပျိုးရေးကိစ္စရပ်များ၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်း ရေးတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေ ရန် ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက် ခုနစ်ရပ် ချမှတ်ခဲ့သည်။ ထို့နောက် ဒုတိယ သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်