ပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်း ပုဂ္ဂလိကကျွန်းစိုက်ခင်းများမှ ထွက်ရှိသော ကျွန်းပင် ကျပ်တိုင်များအား ခွဲစိတ်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၃၀

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်း သည် စက်တင်ဘာ(၂၉)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်မှုဇုန်အတွင်းရှိ National Wood Industry ကုမ္ပဏီပိုင် သစ် အခြေခံ အချောထည်စက်ရုံရှိခဲ့ရာ စက်ရုံအတွင်း ဖြိုးစည်သူ ကုမ္ပဏီ ၏ ပုဂ္ဂလိကကျွန်းစိုက်ခင်းမှ ထွက်ရှိသော ကျွန်းပင်ကျပ်တိုင်များအား ခွဲစိတ်နေမှုကို ကြည့်ရှု့ စစ်ဆေး ခဲ့ရာ တာဝန်ရှိသူများမှ ကျွန်းပင် ကျပ်တိုင်များ ခွဲစိတ်မှု အဆင့်ဆင့်၊ သစ်ခွဲသားများမှ လက်ယှက်ထိုး သစ်သား ချောင်း (Finger Joint)များပြုလုပ်ခြင်း၊ ထိုမှတစ်ဆင့် ဘုတ်ပြားများ Board များပြုလုပ်ခြင်းအား လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် အသုံးပြု သည့် စက်ပစ္စည်းများအား လိုက်လံရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိက ကျွန်းစိုက်ခင်း များမှ ထုတ်လုပ်ထွက်ရှိလာမည့် ကျွန်းပင် ကျပ်တိုင် များမှ ထုတ်လုပ်နိုင်မည့် ဈေးကွက်ဝင် သစ်ခွဲသားအရွယ်အစားနှင့် အရည်အသွေး တို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ခွဲစိတ်မှု နည်းပညာနှင့် စက်ပစ္စည်းများ အသုံးပြုနိုင်မှုတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကျွန်းပင် ကျပ်တိုင်များမှထုတ်လုပ်ထွက်ရှိသည့် ဘုတ်ပြား များ အသုံးပြု ထုတ်လုပ်ထားသည့် သဘာဝ ကျွန်းသစ် အစားထိုး ပရိဘောဂများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးကွက်ရရှိနိုင်မှု၊ အရည်အသွေး အာမခံ ချက်ပေးနိုင်မှုနှင့် ပိုးမွှားဒဏ် ခံနိုင်ရည်ရှိမှုများအပေါ် သိရှိလိုသည်များအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံဧည့်ခန်းမတွင် ပုဂ္ဂလိက စိုက်ခင်းတည်ထောင်ထားရှိသည့် ကုမ္ပဏီများနှင့် National Wood Industry ကုမ္ပဏီတို့မှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျွန်းစိုက်ခင်း ပင်ကျပ် တိုင်များအား ဈေးကွက် ရှာဖွေရသည့် ရည်ရွယ်ချက်များ၊ သစ်ခွဲသားအရည်အသွေးနှင့်စပ်လျဉ်း၍ သုတေသနပြု လေ့လာရမည့် နယ်ပယ်များ၊ ထုတ်လုပ်ကုန်ကျမှု စရိတ်များ လျှော့ချနိုင်မည့်နည်းလမ်း များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ဗဟို သစ်တောလုပ်ငန်း ဖွံ့ဖြိုးမှုနှင့်လေ့ကျင့် ပညာပေးရေးဌာနသို့ရောက်ရှိပြီး သင်တန်းကျောင်း အနေဖြင့် ကာလတို (ရက်တို) သင်တန်းများ ဖွင့်လှစ်ပို့ချနေ သည့်အပေါ် ထိရောက်မှုရှိစေရန်အတွက် သင်တန်းဆရာ များ၏ အရည် အချင်း၊ လုပ်ငန်းအတွေ့အကြုံနှင့် စေတနာထားရှိမှုတို့မှာ လွန်စွာမှအရေးကြီးသဖြင့် အရည် အချင်းပြည့်ဝသည့် သင်တန်းဆရာ၊ ဆရာမများ ဖြစ်ရန် လိုအပ်ကြောင်းနှင့် သင်တန်းကာလအတွင်းနှင့် သင်တန်းပြီးနောက်ပိုင်းတွင် ပြန်လည် ဆန်းစစ် အကဲဖြတ်လေ့ လာမှုများပြုလုပ်ခြင်းဖြင့် အရည်အသွေးမြှင့်တင် သွားရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာရှဒေသအဆင့် သစ်တောကဏ္ဍပူးပေါင်း ဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO Regional Education and Training Centre) သို့ရောက် ရှိစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားကာ သင်တန်းကျောင်းမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ ကြောင်းသိရသည်။ (သတင်းစဉ်)